
USDP ပါတီသည် ၎င်းတို့ထဲမှ နန်းနီနီအေး ဆိုသည့် အမျိုးသမီးအား ဒုသမ္မတအဖြစ် အရွေးချယ်ခံရသဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုပွဲ လုပ်ခဲ့ကြသည်၊ ရုတ်တရက်ဆိုက အတိုက်အခံ များစွာကို ယှဉ်ပြိုင်ဖြတ်ကျော်ပြီး အရွေးချယ်ခံရ၍လောဟု ထင်စရာ ဖြစ်နေသည်။
တကယ်တမ်းတွင်တော့ ရွေးကောက်ပွဲတွင် အမတ်နေရာ ၉၀ ရာနှုန်းကျော် ရရှိခဲ့သော ပါတီကြီးသည် မင်းအောင်လှိုင်မှ ထိုသို့ ရာထူးလေး ချီးမြှင့်မြှောက်စားခံရသည်ကို ဝမ်းပန်းတသာ ဖြစ်နေကြခြင်းသာ ဖြစ်သည်။
နိုင်ငံရေးကို အတော်အသင့် ခြုံငုံမိသော မည်သူမဆို ယခုလို အနေအထားတွင် မင်းအောင်လှိုင်လို လူမျိုးကို သမ္မတ မတင်သင့်မှန်း ကောင်းစွာ သိနားလည်ထားပြီး ဖြစ်ပေလိမ့်မည်သာ။
အပြည်ပြည်ဆိုင်ရာဇဝတ်ခုံရုံးမှ တရားခံပြေးအဖြစ်၊ ဖမ်းဝရမ်းထုတ်ခံရဖို့က နေ့လား၊ ညလား ဖြစ်နေချိန်၊ (အချို့ သတင်းများအရ ချိပ်ပိတ်ဝရမ်း ထုတ်ပြီးပြီဟု ယုံကြည်ခံရသူ)၊ အာဆီယံနိုင်ငံများက လက်မခံဘဲ ဝိုင်းပယ်ခံထားရသူ၊ တရုတ်ကပင် မလိုလား၊ လူထုကြီးကလည်း ၎င်း၏ မျက်နှာကိုပင် မမြင်ချင်လောက်အောင် ရွံရှာမုန်းတီးခြင်း ခံနေရသူကို သမ္မတအဖြစ် မည်သူက ရွေးချယ် တင်မြှောက်လိုပေမည်နည်း၊ စဉ်းစားဉာဏ်ရှိသူတိုင်း အလွယ်တကူ တွေးလို့ရသည့် အရေးပင် ဖြစ်သည်။
သမ္မတ အတုအဖြစ် ကျမ်းကျိန်ပွဲအား တက်ရောက်ရန် နိုင်ငံတကာသို့ ဖိတ်ကြားခဲ့သော်လည်း အကျိုးရှိဖို့အရေး မျှော်ကိုးနေသည့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန လက်အောက် ပတ်ဝန်းကျင်၊ တောရိုင်းတိရစ္ဆာန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာန၏ အငယ်တန်း ဝန်ကြီး ကာတီဗာဒန်ဆင်း၊ ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီ ဘဟီဒါနုကရာ တို့သာ ရောက်လာကြသည်။
တရုတ်သည် သမ္မတတု မင်းအောင်လှိုင်အား ၎င်းတို့ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ကုပ်သွေးစုပ်နိုင်မည့် စီးပွားရေး အခွင့်အလမ်းအရသာ အောင့်အည်း ဆက်ဆံနေရသည့် အဆင့်ထက် တက်မလာသေးပေ။ ယခုလည်း သမ္မတ ရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်ဖြစ်သူ၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းရှင်းကျီ သည် အခမ်းအနားတက်ဖို့ စေလွှတ်ခဲ့သည်။
ဦးမင်းအောင်လှိုင် ဖြစ်လာသော်ငြားလည်း အာဆီယံမှ ဂုဏ်ပြုသဝဏ်လွှာ ပေးမှာ မဟုတ်တဲ့အပြင် မေလတွင် ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးပွဲသို့လည်း တက်ခွင့်ပေးမှာ မဟုတ်ဟု အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မစ္စက် လာဇာရိုက ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထုတ်ဖော်ပြောဆိုသွားခဲ့ပြန်သည်။
မင်းအောင်လှိုင်သည် တကယ်တမ်းတွင် ကုလသမဂ္ဂနှင့် အနောက်အုပ်စုမှ မည်သို့မျှ အသိအမှတ်ပြုမည်မဟုတ် ဆိုသည်ကို ကောင်းစွာ သိထားပြီး ဖြစ်သော်လည်း အာဆီယံက ၎င်းအား အသိအမှတ်ပြုလာလိမ့်မည်ဟု အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့ရှာသည်။ မိန့်ခွန်းထဲတွင်ပင် ထည့်ပြောသွားရှာသည်။
ယခုတော့ ရွှေစလွယ်ကြီးလွယ်၊ ခေါင်းပေါင်းကြီး ဆောင်းကာ သမ္မတတုဘဝဖြင့် လှုပ်ရှားသွားရပေတော့မည်။
USDP သည် ၎င်းတို့ ရှုံးနိမ့်ခဲ့ရခြင်းသည် မဲခိုးခံရ၍ မဟုတ်၊ လူထုနှင့်ကင်းကွာပြီး အောက်ခြေလွတ်ခဲ့ကြသည့် မူဝါဒအမှားများကြောင့် ဆိုသည်ကို သိပြီး သမ္မတ ဦးသိန်းစိန် ခေတ်ကကဲ့သို့ ပြုပြင်ပြောင်းလဲရေးများ လုပ်ပြီး နိုင်ငံတကာနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် ဣန္ဒြေရရ အုပ်ချုပ်သွားချင်သည့် ဆန္ဒရှိနေသည်။
သို့သော် သမ္မတရူးတပိုင်း ဖြစ်နေသော မင်းအောင်လှိုင်ကို ၎င်းတို့ မည်သို့မျှ မလွန်ဆန်ရဲ၊ မင်းအောင်လှိုင်ကလည်း ၎င်းတို့ ထိုသို့ တသက်နှင့်တကိုယ် မရဘူးသော အနိုင်ရရှိခြင်းမျိုး ထွက်ပေါ်လာအောင် မိမိက ဖန်တီးပေးခဲ့ခြင်းကြောင့်ဟု ယူဆထားသည်။
မင်းအောင်လှိုင်သည် ယခုအခါ သမ္မတတုအဖြစ် ဝင်ရောက်နေရာယူရုံမက ၎င်းတို့ ပါတီကိုပင် အိမ်နိမ့်စံဘဝရောက်အောင် မြောင်းထဲ ပို့ခဲ့သည်၊ ဥက္ကဋ္ဌ ဖြစ်သူ ခင်ရီကို လွှတ်တော်ဥက္ကဋ္ဌ၊ နန်းနီနီအေး ဆိုသည့် မထင်မရှားတယောက်ကို ဘာမှ လုပ်ပိုင်ခွင့် မရှိသည့် ဒုသမ္မတ ရာထူးပေးပြီး ချွေးသိပ်ပေးလိုက်သည်။ ဤသည်ကို ကြည့်မည်ဆိုက ကာလုံတွင် USDP ပါတီမှ နှစ်ဦးသာ ကိုယ်စားပြုခွင့်ရသည့် သဘောပင် ဖြစ်သည်။
၎င်းတို့ပါတီမှ အရည်အချင်းရှိသူ အများအပြား ရှိနေပါလျက် ၎င်းတို့အား ချန်လှပ်ထားခဲ့ပြီး ကြံ့ဖွံ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်သည့် ခင်မောင်စိုး၊ မောင်မြင့်၊ ဒေါက်တာမောင်သင်း တို့ ၃ ဦးကိုသာ သက်သက်ခိုင် အဆင့် အရေးမပါသော သမဝါယမ၊ အလုပ်သမား၊ လူငယ်ရေးရာ၊ ဟိုတယ်ခရီးသွားလာရေး ရာထူးများဖြင့်သာ တင်းတိမ်ခဲ့ရရှာသည်။ အရေးပါသော ရာထူးမှန်သမျှအား မင်းအောင်လှိုင်က လူဟောင်းများနှင့်သစ္စာခံသူ စစ်ဗိုလ်ချုပ်ဟောင်းများကိုသာ ရွေးချယ်ခဲ့သည်။ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်နေရာတွေကို USDP ပါတီထဲ ကြိုတင် စေလွှတ်ထားသော သေဆိုသေ၊ ရှင်ဆိုရှင် ဆိုသူများသာ နေရာပေးလာခဲ့သည်။
၎င်း၏ ခိုင်းဖတ်များ ဖြစ်သည့် ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်း တို့ကို ကြံ့ဖွံ့ပါတီမှတဆင့် ရွေးကောက်ပွဲဝင်ခိုင်းခဲ့ပြီး ဒုတိယသမ္မတ၊ ဝန်ကြီးနှင့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးများ ပေးအပ်ခဲ့သည်။
အမတ်နေရာ ၉၀ ရာနှုန်း အနိုင်ရလာသော ပါတီကြီးမှ အစိုးရအဖွဲ့တွင် ၁၀ ရာနှုန်းခန့်သာ မကောင်းတတ်၍ နေရာပေးခံရသည့် အိမ်နိမ့်စံများအဖြစ် မျက်နှာငယ်ခဲ့ကြရပြီ ဖြစ်သည်။ ဝန်ကြီးနေရာ ၃၁ နေရာတွင် ၁၈ နေရာအား ယခင် လူဟောင်းများဖြင့် ဖြည့်ဆည်းခဲ့ခြင်းလည်း ဖြစ်သည်။
USDP ကတော့ မှန်းချက်နှင့် နှမ်းထွက်လွဲခဲ့ရုံမက ၎င်းတို့၏ ခေါင်းဆောင်ကြီး ဖြစ်သူ ခင်ရီသည် လွှတ်တော်ဥက္ကဋ္ဌ ရာထူရ၍ အကျေနပ်ကြီး ကျေနပ်ကာ ကြိုတင်သိထားပါလျက် တလုံးတပါဒမျှ ပြောဆိုခြင်း မရှိခဲ့သည်ကိုလည်း တအံ့တဩ ဖြစ်နေကြပေလိမ့်မည်။ ၎င်းတို့အဖို့က လွှတ်တော်ထဲ ဝင်ထိုင်ခွင့် ရသွားသည့် အဆင့်သာ ရှိပေသည်။
စီးပွားရေးတွင် မည်မျှအထိ ထိခိုက်နေသည်ကို စဉ်းစားရကောင်းမှန်း မသိ၊ ပြည်တွင်းမှာ စက်သုံးဆီသုံးစွဲမှု ၁ ရက်ကို ဂါလန် ၁ သန်းကျော် လျှော့ချနိုင်သည့်အတွက် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ လောက် သက်သာသည်ဆိုကာ ဂုဏ်ယူနေသူ အသိဉာဏ်မျိုး ရှိသူများသာ ဖြစ်သည်။
၎င်း၏ ဝန်ကြီး ဆိုသူများလည်း အစည်းအဝေးခန်းမထဲရှိ စားပွဲရှည်ကြီးထိပ်တွင် ထိုင်ကာ ငါသိငါတတ် ပေါက်ပန်းလေးဆယ် ပြောနေသည့် မင်းအောင်လှိုင်၏ စကားများကို မှတ်စုစာအုပ်ထဲ တကုပ်ကုပ် လိုက်ရေး၊ ဟိုနေရာ သွားစစ်၊ ဒီနေရာ သွားစစ်ပြနှင့် ရပ်တည်သွားကြရပေတော့မည်။
မင်းအောင်လှိုင်၏ နောက်လိုက်စာရင်းတွင် စစ်ဗိုလ်ချုပ် အငြိမ်းစားများနှင့် ယခင် လူဟောင်းများ ပါဝင်လာကြသည်ကို ကြည့်မည်ဆိုက ယခင် ဦးနှောက်များနှင့်သာ ဖြစ်ပြီး ကိုယ်ပေါ်က အဝတ်အစား ပြောင်းသွားခြင်းမျိုးထက် မပိုပေ။ ထို့အနေအထားတွင် တိုင်းပြည်တွင် စစ်မှန်သော တိုးတက်မှုများ ထွက်ပေါ်လာမည်ဟု ယူဆပါက ရူးသွပ်ခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။
စိုးဝင်းအား ချောင်ထိုးလိုက်သည့်အဖြစ်၊ ပို၍ထင်ရှားလာရသည်က အတုအယောင် ရွေးကောက်ပွဲမျိုးနှင့်ပင် လူထု၏ ငြင်းပယ်ခြင်းခံခဲ့ရသူများ ဖြစ်သည့် ကိုကိုကြီး၊ ချိုချိုကျော်ငြိမ်း၊ မန်းငြိမ်းမောင် အစရှိသည်တို့အား ၁၁ ဦး ပါ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်များအဖြစ် ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။
တနည်းအားဖြင့်ဆိုသော စိုးဝင်းအား ခွေးကတက်တွင်သာ နေရာပေးလိုက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာ အသိပေးလိုက်ခြင်းပင် ဖြစ်သည်။
သမ္မတတု မင်းအောင်လှိုင်သည် ၎င်းကိုယ်၎င်း အစိုးရသစ်ဟု ယခင် ၅ နှစ်က ဖြစ်ပျက်ခဲ့သည်များသည် ၎င်းနှင့်မဆိုင်သည့်အလား မိနစ် နှစ်ဆယ်ကြာအောင် အရှက်ကင်းမဲ့စွာ ပြောဆိုနေသော်လည်း တဖြည်းဖြည်းနှင့် အငတ်ဘေးဆိုက်လာနေသော လူထု၊ တော်လှန်ရေးအင်အားစုများ ပေါင်းစည်းလာခြင်း၊ နိုင်ငံတော်အတိုင်ပင်ခံအား ဆက်လက် မတရား ချုပ်နှောင်ထားခြင်းနှင့် နိုင်ငံတကာ တရားရုံးချုပ်အထိ ရောက်နေသော ရိုဟင်ဂျာအရေးများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
လူထုကတော့ မင်းအောင်လှိုင် သမ္မတတုအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှုကို မင်းသားကြီး ဝင်းဦး “ကျော်မင်း၊ ဇော်မင်း” အဖြစ် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့သည့် “ဆောင်းအိမ်မက်” ကို ကြည့်နေရသည့်အလား ထင်မြင်နေကြပေလိမ့်မည်သာ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
There is not a crime, there is not a dodge, there is not a trick, there is not a swindle, there is not a vice which does not live by secrecy.
လျှို့ဝှက်ချက်ကို အမှီမပြုဘဲ ရှင်သန်နိုင်သည့် ရာဇဝတ်မှု၊ တိမ်းရှောင်မှု၊ လှည့်ဖြားမှု၊ လိမ်လည်မှုနဲ့ ယုတ်ညံ့တဲ့ အကျင့်ဆိုးရယ်လို့ လောကမှာ မရှိပါဘူး။
Joseph Pulitzer










