
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ကြံ့ခိုင်ရေးပါတီခေါင်းဆောင်နေရာကို ရယူမယ်လို့ သတင်းထွက်ခဲ့ပေမဲ့ စက်တင်ဘာ ၂၀ ရက်က ကျင်းပတဲ့ ပါတီညီလာခံကနေ ဥက္ကဋ္ဌဟောင်း ဦးခင်ရီကိုသာ ပြန်လည်ရွေးချယ်လိုက်ပါတယ်။
နေပြည်တော်ကလာတဲ့ သတင်းတွေအရ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌတွေအဖြစ် ဦးသောင်းအောင်းနဲ့ ဦးမြတ်ဟိန်းကို တာဝန်ပေးခဲ့ပြီး ယခင် ဒုဥက္ကဋ္ဌဟောင်း ဦးမျိုးဇော်သိန်းကတော့ ပါတီညီလာခံကို လာတက်တာ မတွေ့ဘူးလို့ သိရပါတယ်။
နေပြည်တော် သတင်းရင်းမြစ်တယောက်က “ဥက္ကဋ္ဌ ကတော့ ဦးခင်ရီပဲ ပြန်ဖြစ်တယ်၊ ဒုဥက္ကဋ္ဌ နေရာမှာတော့ ဦးခင်ရီလူ သောင်းအေးနဲ့ မင်းအောင်လှိုင်လူ မြတ်ဟိန်း ဖြစ်သွားတာပေါ့။ မျိုးဇော်သိန်း အပါအဝင် ကြံ့ဖွံ့ကဝန်ကြီးတွေ ညီလာခံလာမတက်ကြဘူး” လို့ DVB ကို ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ စတုတ္ထအကြိမ် ပါတီညီလာခံကို စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်တွေမှာ ၂ ရက်တာ ကျင်းပခဲ့တာ ဖြစ်ပြီး ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်တွေကို ရွေးချယ်တင်မြှောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို ပါတီခေါင်းဆောင်ပိုင်းတွေ မရွေးချယ်ခင် ရက်ပိုင်းအလိုမှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပါတီဥက္ကဋ္ဌနေရာ ရယူဖို့ ကြိုးပမ်းမှုတွေရှိခဲ့လို့ အခြေအနေတင်းမာခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။
ဒါ့အပြင် ပါတီညီလာခံကျင်းပချိန်မှာ ယခင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ လူယုံတပည့်ရင်းတွေ ကြံ့ခိုင်ရေးပါတီဝတ်စုံဝတ်ကာ ညီလာခံလာတက်ကြတဲ့အတွက်လည်း လူစိတ်ဝင်စားမှု မြင့်ခဲ့ပါသေးတယ်။
ဒါဟာ မင်းအောင်လှိုင် နေရာလုမဲ့ပါတီ ဥက္ကဋ္ဌ နေရာအတွက် ဦးသန်းရွှေနဲ့ သူ့လူတွေ ဝင်ထိန်းပေးခဲ့ပုံရတယ်လို့ နေပြည်တော်က စစ်တပ်အသိုက်အဝန်းနဲ့နီးစပ်သူက ပြောပါတယ်။
“ဦးစိုးသိန်းတို့ ဦးကျော်ဆန်းတို့ နောက် ဦးသိန်းအောင်တို့ လာတာတွေ့ရတယ်။ ကြည့်ရတာ ဦးခင်ရီတို့ အကူအညီတောင်းလို့ စာဖတ်နေသူကြီး ဝင်ကယ်လိုက်ပုံပဲ။”
မနေ့က ကျင်းပတဲ့ စတုတ္ထအကြိမ် ပါတီညီလာခံမှာ ပါတီဗဟိုအလုပ်အမှုဆောင် ၄၆ ယောက်ကို အသစ်ပြန်လည်ရွေးချယ်ခဲ့ကြပြီး ပါတီအတွင်းရေးမှူးတွေအဖြစ် ဦးတင်အောင်ချစ်နဲ့ ဦးအောင်စိုးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။











