
နေပြည်တော် လယ်ဝေးမြို့နယ်မှာ အသက် ၁၆ နှစ်အရွယ် ကလေးတယောက် အပါအဝင် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီးတယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
အောက်တိုဘာ ၇ ရက် ည ၁၁ နာရီခွဲလောက်က လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာ၊ သီဟိုဠ်ခြံအနီးက နေအိမ်တအိမ်မှာ ရှိနေတဲ့ အဆိုပါ မိသားစုဝင် ၄ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သေဆုံးသူ ၄ ယောက်လုံး နားထင်၊ ဝမ်းဗိုက်၊ ရင်အုံနဲ့ နောက်စေ့တွေမှာ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာပါ။ ဘယ်အဖွဲ့လက်ချက်လဲ ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။
သေဆုံးသူ ၄ ယောက်ဟာ အသက် ၄၀ ကျော်အရွယ် ဦးဝင်းဦး၊ အသက် ၃၅ နှစ်ခန့်အရွယ် ဒေါ်ဖြူသွယ်ဦး၊ အသက် ၂၀ ကျော်အရွယ် မောင်စိုးလင်းထက်နဲ့ အသက် ၁၆ နှစ်အရွယ် မောင်ဆန်းသူအောင်တို့ ဖြစ်ကြပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေလို့ သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အခင်းဖြစ်တဲ့နေရာမှာ ၅.၅၆ မမ ကျည်ခွံ ၁၃ ခု တွေ့ရှိခဲ့တယ်လို့ သိရတယ်။ လူ ၆ ယောက်ခန့်က ကျေးရွာအတွင်း ဝင်ပစ်ခတ် သွားတာလို့ သိရပါတယ်” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ စစ်အာဏာရှင်တပ်ဘက်က လိုက်လံရှာဖွေ စစ်ဆေးနေပေမဲ့ အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းအထိ ဖမ်းဆီးရမိသူ မရှိသေးဘူးလို့ သိရပါတယ်။











