
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အရှေ့တောင်ခြမ်းသစ် ကြိမ်းအုပ်စု၊ အောင်ချမ်းသာကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ စခန်းချ တပ်စွဲထားတဲ့ စစ်တပ်စခန်းတခု တော်လှန်ရေး ပူးပေါင်းတပ် တွေရဲ့ တိုက်ခိုက်ခံရပြီး စစ်သားတွေ ထိခိုက်သေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။
ဧပြီ ၂၂ ရက် မနက်အစောပိုင်းမှာ PDF နဲ့ ပူးပေါင်းတပ်တွေက ရုတ်တရက် ဝင်ရောက် တိုက်ခိုက် ခဲ့မှုကြောင့် စစ်တပ်က ဗိုလ်မှူးထွန်းထွန်းလင်းအပါအဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ပြီး ဒုဗိုလ်မှူးကြီး သန်းညိမ်းအပါအဝင် တပ်သားတချို့ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
စစ်တပ်ကာကင်းစခန်း တိုက်ခိုက်ခံရမှု အခြေအနေကို သိရှိတဲ့သတင်းရင်းမြစ်က “မနက်ပိုင်း စောစော တိုက်ခိုက်ခံရတာ။ တိုက်ခံရတဲ့ စစ်တပ်စခန်းက လယ်ဝေးမြို့နယ် အမှတ် ၄၁၁ ခြေမြန် တပ်ရင်းရဲ့ ပူးပေါင်း ကာကင်းတပ်စခန်းလို့ သိရပါတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် စစ်သားတွေ ထွက်ပြေးပြီး ကာကင်းစခန်းမှာ ကျန်ခဲ့တဲ့ MA 9 သေနတ် တလက်၊ MA3 သေနတ်တလက်၊ MA 11 သေနတ် ၂ လက်တို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းယူ ရရှိခဲ့ပါတယ်။
လယ်ဝေးမြို့နယ် ဒေသခံတယောက်က “တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ စစ်တပ် အင်အား အများအပြားနဲ့ မနက်ပိုင်းက တိုက်ပွဲဖြစ်တဲ့ ဘုန်းကြီးကျောင်းဘက်ကို တက်သွားတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ဒေသခံတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားလာမဲ့ အခြေအနေကို စိုးရိမ်နေကြပြီး လယ်ဝေးမြို့နယ်၊ အရှေ့တောင်ခြမ်း သစ်ကြိမ်းအုပ်စု၊ အောင်ချမ်းသာကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ပတ်ဝန်းကျင်က ဒေသခံ တချို့ ကြိုတင်တိမ်းရှောင်နေကြပါတယ်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်ထဲက စစ်တပ်ရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုဘက်ကရော စစ်တပ်ဘက်ကပါ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဇန်နဝါရီ ၁၀ ရက်ကလည်း လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ နန်းချိုချောင်းရေကျော်မှာ ဂိတ်ချပြီး ဆက်ကြေးတောင်းနေတဲ့ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်သားတချို့ သေဆုံးခဲ့ပါတယ်။










