DVB Logo
Home
မြန်မာသတင်း
ပုလောတွင် ကာကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာလုံးကျွတ် ဖယ်ရှားခိုင်း
DVB
·
October 15, 2026
Photo: ပုလော PDF
Photo: ပုလော PDF
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့အဝင် မကျည်းကုန်းရွာရှိ စစ်အာဏာရှင်တပ်ရဲ့ ကာကင်းစခန်း တိုက်ခိုက် ခံရပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်က ဒေသခံလူငယ်တွေကို အကြောင်းမဲ့ ရိုက်နှက်တဲ့အပြင် ဒေသခံတွေကိုလည်း ရွာကနေ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းလောက်က စစ်တပ်ရဲ့ မကျည်းကုန်းဂိတ်နဲ့ ကာကင်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က တပ်ကြပ်ကြီး တယောက်အပါအဝင် ၁၀ ယောက် သေဆုံးခဲ့ကာ ၅ ယောက်ခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်တပ်ဘက်က အလစ်အငိုက် တိုက်ခိုက်ခံရပြီး အထိနာတာကြောင့် စခန်းအနီးရှိ လူငယ်တွေကို ရိုက်နှက်တာတွေနဲ့ ရွာသားတွေကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတာတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “စခန်းနားအနီးတဝိုက်က လူငယ်တယောက် နှစ်ယောက်လောက်ကို ရိုက်နှက်တာတွေ ရှိတယ်။ ပြီးတော့ မကျည်းကုန်းရွာ တရွာလုံးကို အပြီးပြောင်းရွှေ့ခိုင်းနေတယ်” လို့ ပြောပါတယ်။

အခုလို ပြောင်းရွှေ့ခိုင်းတာနဲ့ ပတ်သက်ပြီး ကျေးရွာရဲ့ ရပ်မိရပ်ဖတချို့က ခလရ ၂၈၅ တပ်ရင်းမှာ သွားရောက်ညှိနှိုင်းနေပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မကျည်းကုန်း စစ်ဆေးရေးဂိတ်က မြိတ်ဘက်ကနေလာရင် ပုလောမြို့အဝင် ပြည်ထောင်စု လမ်းမကြီးမှာ ရှိပြီး အဲဒီဂိတ်ရဲ့အနီး ရွာရဲ့ ဘုရားစေတီပေါ်မှာ စစ်တပ် ကာကင်းစခန်း ရှိတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မကျည်းကုန်းဂိတ်နဲ့ ကာကင်းစခန်းက ပုလောမြို့ရဲ့ အဝင်ဂိတ်လည်း ဖြစ်သလို အဲဒီပုလောမြို့အဝင်မှာရှိတဲ့ စကစရဲ့ ခလရ ၂၈၅ ရဲ့ ကာကင်းစခန်းလည်း ဖြစ်တယ်” လို့ ပြောပါတယ်။

မကျည်းကုန်းဂိတ်နဲ့ ကာကင်းစခန်းဟာ ပုလောမြို့ စစ်တပ် ခလရ ၂၈၅ တပ်ရင်းအတွက် စစ်ရေးအရ အရေးပါတဲ့နေရာတခု ဖြစ်တယ်လို့ တော်လှန်ရေးဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013