
တနင်္သာရီတိုင်း ပုလောမြိုနယ် စစ်အာဏာရှင်လက်အောက်ခံ ခလရ ၂၈၅ တပ်ရင်းအနီး ကာကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အာဏာရှင်တပ်က ၁၀ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အထူးတပ်ဖွဲက အောက်တိုဘာ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတပ်ရင်းနဲ့ မဝေးတဲ့ မကျည်းကုန်းရွာ ကာကင်းစခန်းကို KNLA နဲ့ PDF မြိတ်ခရိုင် တပ်ရင်း ၁ တို့ ပူပေါင်းတပ်က အောက်တိုဘာ ၁၂ ရက် မနက်မှာ တိုက်ခိုက်ရာ စစ်အာဏာရှင်တပ်ဘက်မှာ အထိအခိုက် သေဆုံးသူတွေ ရှိသလို လက်နက်ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်အင်အား ၂၅ ယောက် ရှိတဲ့ ဒီကာကင်းစခန်းသိမ်းတိုက်ပွဲမှာ ၁၀ ယောက် သေ၊ ၅ ယောက် ဒဏ်ရာရပြီး ကျန်တဲ့စစ်သားတွေ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ စစ်အာဏာရှင် တပ်ဘက်က လက်နက်ကြီး ၁ လက်၊ လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ KNLA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်တပ်ကို အခွင့်အရေးရတာနဲ့ တိုက်ခိုက်မှုတွေ အမြဲဖော်ဆောင်သွားမှာဖြစ်ကြောင်း ပြည်သူတွေအနေနဲ့ သူတို့ တပ်စွဲထားတဲ့နေရာနဲ့ အနီးတ၀ိုက်မှာ မနေထိုင်ကြဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
KNLA တပ်မဟာ ၄ အထူးတပ်ဖွဲဟာ အခုနှစ် နွေရာသီက ပလောက်မြို့ စစ်အာဏာရှင် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၁ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို စစ်တပ်စစ်ကြောင်းတွေကို လည်း တိုက်ခိုက်ခဲ့တာ ရှိပါတယ်။
ပုလောမြို့နယ် တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်စခန်းကိုလည်း အခုနှစ် မတ်လအတွင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို လက်နက်ခဲယမ်းတွေလည်း KNLA တပ်မဟာ(၄) အထူးတပ်ဖွဲက သိမ်းပိုက်ရရှိခဲ့ပါတယ်။











