
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ကြီး ရေတပ်စခန်းအနီးမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေကြပြီး စစ်တပ်ရဲ့ ကာကင်းစခန်း ၅ ခုကို ဇွန်လ ပထမအပတ်မှာ သိမ်းပိုက်ရရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ မေလ အလယ်ပိုင်းက ကျောက်ဖြူ-ရမ်းဗြဲလမ်းကို ထိန်းချုပ်နိုင်ဖို့ စနဲမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမဲ့ အာရက္ခတပ်တော်ရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် တောင်မော်ကြီး ရေတပ်ကို ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အပြင် ကာကင်းစခန်းတွေကိုလည်း ဆက်တိုက် လက်လွှတ်နေရတယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“တောင်မော်ကြီး ရေတပ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲ။ ပထမတော့ စစ်တပ်က စနဲမြို့ကို ပြန်သိမ်းပြီး ကျောက်ဖြူ-ရမ်းဗြဲ လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့တာ။ AA ဘက်က ဗျူဟာကျကျ ကြားဖြတ်တိုက်ခိုက်တာ၊ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ရဲ့ စစ်ကြောင်းဟာ စစ်ဦးကျိုးပြီး ရေတပ်ကို နောက်ဆုတ်သွားရတယ်။ စစ်တပ်က ကာကင်းစခန်းတွေ လုပ်ခဲ့တယ်၊ စခန်းကုန်း ၅ ကိုလည်း သိမ်းပိုက်ထားပြီးတော့ အဝတောင် ကာကင်းစခန်းကို တိုက်ခိုက်နေကြတယ်။”
တောင်မော်ကြီး ရေတပ်အခန်းက စစ်အာဏာရှင်တပ် ကာကင်းစခန်းတွေ ပြုလုပ်ခဲ့တဲ့ စံပယ်ချောင်း၊ မျောချောင်း၊ ဒွေးချ စတဲ့ကျေးရွာအနီးတွေက ကာကင်းစခန်းတွေကို အာရက္ခတပ်တော်က ထိုးစစ်ဆင် သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ စနဲမြို့ကို တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၂၊ ခမရ ၂၁၃ နဲ့ ခမရ ၂၁၉ တို့ ထုတ်နုတ်အင်အားနဲ့ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး အင်အား ၄၀၀ လောက်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး AA နဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် အထိအခိုက်များစွာနဲ့ ပြန်ဆုတ်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေဟာ နောက်ဆုံးကာကင်း အဝတောင်အထိ ရောက်ရှိလာတာကြောင့် တောင်မော်ကြီးရေတပ်က အရာရှိ မိသားစုဝင်တွေနဲ့ တပ်မိသားစုတချို့ကို ဓညဝတီ ရေတပ်ဌာနချုပ်နဲ့ ကျောက်ဖြူမြို့ပေါ်ကို ရွှေ့ပြောင်းနေပြီလို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေ ပြင်းထန်လာပြီးနောက် စစ်တပ်က အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်နေတာကြောင့် ဇွန် ၆ ရက်က ကျောက်ဖြူမြို့နယ် သစ်ကတိုးကျေးရွာမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင် ၃ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်က လက်ကျန်မြို့နယ်တွေကို ၂၀၂၇ ခုနှစ် မကုန်ခင်မှာ အပြတ်တိုက်ခိုက်သွားမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားလိုက်ပြီးနောက် ကျောက်ဖြူနဲ့ စစ်တွေဘက်မှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်လာတာလည်း ဖြစ်ပါတယ်။










