
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ ကာကင်းစခန်းတိုက်ခိုက်ခံရပြီး တပ်သား တွေ သေဆုံးခဲ့တာနဲ့ပတ်သက်လို့ စစ်တပ်က အရာရှိတချို့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ နေပြည်တော်က တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဧပြီ ၂၂ ရက် မနက်အစောပိုင်းမှာ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု၊ အောင်ချမ်းသာကျေးရွာ ဘုန်းကြီးကျောင်းအနီးက စစ်အာဏာရှင်ရဲ့ ကာကင်းတပ်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။
ကာကင်းတပ်စခန်း တိုက်ခိုက်ခံရတာကြောင့် ဗိုလ်မှူး ထွန်းထွန်းလင်း အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒုဗိုလ်မှူးကြီးသန်းညိမ်း အပါအဝင် တပ်သားအများအပြား စခန်းစွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ကာကင်းစခန်း တိုက်ခိုက်ခံရမှု၊ တပ်သားတွေ အများအပြား ဆုံးရှုံးရမှု၊ စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးရမှုနဲ့ ပတ်သက်လို့ ကာကင်းစခန်းကို စီမံကွပ်ကဲရာမှာ ပါဝင်တဲ့ လယ်ဝေးမြို့နယ် အမှတ် ၄၁၁ ခြေမြန်တပ်ရင်းက တပ်ရင်းမှူးနဲ့ ဗိုလ်မှူး အပါအဝင် တပ်အရာရှိ ၄ ယောက်ကို မေလ ပထမအပတ်က စတင်ဖမ်းဆီးစစ်ဆေးနေတာလို့ သိရပါတယ်။
နေပြည်တော် တပ်သတင်းရင်းမြစ်တယောက်က “အဓိက တပ်ချုပ်အသစ်နဲ့ သမ္မတအသစ် တာဝန်ယူချိန် မကြာခင်မှာ နေပြည်တော်ဘက်က ကာကင်းစခန်း အဆိုးဆုံးအခြေအနေနဲ့ တိုက်ခိုက်ခံရတာကို ရှက်ပြီး ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တပ်အရာရှိတွေကို ဖမ်းဆီးစစ်ဆေးနေတာ” လို့ ပြောပါတယ်။
အဆိုပါ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေ ထွက်ပြေးခဲ့တဲ့အပြင် ကာကင်းစခန်းမှာ ကျန်ခဲ့တဲ့ MA-9 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ MA-11 သေနတ် ၂ လက်ပါ လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်ထဲက စစ်ကောင်စီတပ် ကာကင်းစခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုဘက်ကရော စစ်ကောင်စီတပ်ဘက်ကပါ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။










