
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့အခြေပြု အောင်ချမ်းသာ အလယ်တန်းမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ကို စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့ပါတယ်။
ကျောင်းသား/သူတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အသိပညာဗဟုသုတ ရရှိဖို့အတွက် ရည်ရွယ်တာလို့ ကျောင်းရဲ့တာဝန်ခံ ဆရာမတယောက်က ပြောပါတယ်။
“ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းမှာရှိတဲ့ ကျောင်းသူ/သား အားလုံးက International Peace Day နဲ့ ပတ်သက်ပြီး ဗဟုသုတတွေ နည်းတာပေါ့နော်။ နည်းတယ်ဆိုတော့ ကျောင်းဖွင့်လာတဲ့ ကာလကလည်း ၃ နှစ်ရှိပြီဆိုတော့ သားတွေအနေနဲ့ သိသင့်သိထိုက်တဲ့အရာတွေအကုန်လုံး သိစေ ချင်တာလည်းပါတယ်။ ဆရာ/ဆရာမတွေအားလုံးကိုလည်း peace နဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးဆိုတဲ့ အကြောင်းအရာကို ဂဃဏနမသိသေးတဲ့အတွက် ဆရာ/ဆရာမရော ကျောင်းသား ကျောင်းသူတွေနဲ့အနေနဲ့ အားလုံး ဗဟုသုတွေရရှိအောင် ရည်ရွယ်ခြင်းဖြစ်တယ်။”
အခမ်းအနားကို ကျောင်းကော်မတီ၊ ရပ်မိရပ်ဖ၊ ဌာနဆိုင်ရာအုပ်ချုပ်ရေး၊ ရဲဌာန၊ မိဘပြည်သူတွေနဲ့ ကျောင်းသား/သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီအခမ်းအနားကို အခက်အခဲတွေကြားက အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆရာမ တယောက်က DVB ကိုပြောပါတယ်။
“အခုလိုမျိုးအချိန်တိုအတွင်းမှာ ပြုလုပ်ရတဲ့အတွက် နည်းနည်းတော့ အခက်အခဲတော့ရှိတယ်။ ဒါပေမဲ့ သားငယ်တွေကလည်း တက်တက်ကြွကြွနဲ့ ပူးပေါင်းပေးတဲ့အတွက် ဆရာမတွေအနေနဲ့ Plan ချထားပေမဲ့လည်း အချိန်တိုအတွင်းမှာ ခဏလေးပဲရတယ်ဆိုတော့၊ သားငယ်တွေကလည်း ဝိုင်းဝန်းပြီး ပူးပေါင်းပေးတဲ့အတွက် နည်းနည်းတော့အဆင်ပြေတယ်။ နောက်ပြီးသားငယ်တွေလည်း ဝိုင်းဝန်းပြီး စိတ်ပါဝင်စားမှုတော့ရှိလာတယ်။ မသိသေးတဲ့ တယောက်နဲ့တယောက် အပြန်အလှန်လေးစားမှုတွေ ဝိုင်းဝန်းပြီး စုပေါင်းတဲ့အခါမှာ လုပ်ငန်းက လျင်မြန်စွာပြီးတဲ့ဟာတွေ သူတို့ နားမလည်သေးတဲ့ အသိပညာတွေ ပိုပြီးတော့ စိတ်ဝင်စားမှုရှိလာတယ်။ ပြင်ဆင်တဲ့အခါမှာ အခက်အခဲတွေအများကြီးရှိသလို သားငယ်တွေအတွက် အသိပညာအများကြီးရတဲ့အခါမှာ Message တွေအများကြီးပေးထားတဲ့အတွက် အသိပညာတွေအများကြီးရသလို သားငယ်တွေ အတွက် စိတ်ဝင်စားမှုတွေရရှိလာတယ်လို့ထင်တယ်။”
အခမ်းအနားမှာ တာဝန်ခံဆရာမကြီးက အဖွင့်အမှာစကားပြောကြားတာတွေ၊ ဒုတာဝန်ခံ ဆရာမကြီး က အသိပညာပေးပြောကြားတာတွေ၊ အတန်းလိုက် ကျောင်းသား/သူတွေရဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်ပြီး သရုပ်ဖော်သီချင်းဆိုတာတွေ ပြုလုပ်ခဲ့ကြ ပါတယ်။
အောင်ချမ်းသာ ပြည်သူ့အခြေပြုအလယ်တန်းကျောင်းမှာ KG တန်းမှ Grade 9 အထိ ဖွင့်လှစ် ထားတာဖြစ်ပြီး ကျောင်းသား/သူပေါင်း ၃၅၀ ကျော်တက်ရောက် နေကြပါတယ်။











