
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲရှိ ကျေးရွာတွေကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ဘက်က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က ပုလောမြို့နယ်ရှိ တပိုရွာနဲ့ မင်းပြင်ရွာကို ဂျိုင်ရိုကော်ပတာနဲ့ ၁၂၀ မမ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တပိုရွာရှိ ဒေသခံတယောက်က “စစ်တပ်က ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးလာချတယ်။ မင်းပြင်ရွာမှာ ၂ လုံး၊ တပိုရွာမှာ ၂ လုံးကျတယ်။ အသေးစိတ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
တပိုရွာနဲ့ မင်းပြင်ရွာဟာ အမှတ် ၈ ပြည်ထောင်စုကားလမ်းမမှာ ရှိပြီးတော့ လက်ရှိမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေးတာဝန်ခံက “စစ်တပ်က သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်ရယူဖို့၊ နောက်ပြီး သူတို့ရဲ့ ရက် ၁၀၀ စီမံကိန်းကို လုပ်ဆောင်ဖို့အတွက် အခုလိုမျိုး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်။ စစ်တပ်ဘက်က ငြိမ်းချမ်းရေး ဘယ်လောက်ပဲလုပ်လုပ် လက်တွေ့မှာက ပြည်သူတွေကို ဗုံးကြဲနေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းကို မနက် ၆ နာရီမှ မနက် ၁၀ နာရီအထိသာ သွားလာလို့ရပြီး ကျန်အချိန်တွေမှာ ဖြတ်သန်းသွားလာခွင့် မရှိဘူးလို့ ကားမောင်းသမားတွေက ပြောပါတယ်။
ဇွန် ၂၆ ရက်မှာ စစ်တပ်ရဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ရေးမြို့ကနေ ကော့သောင်းမြို့အထိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ တော်လှန်ရေးတပ်တွေကို ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းမယ်လို့ မြိတ်ခရီးစဥ်မှာ ပြောကြားပြီးနောက် အခုလိုမျိုး လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်လာတယ်လို့ သိရပါတယ်။










