
စစ်အာဏာရှင်ရုံးစိုက်တဲ့ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ အရပ်သား ၄ ယောက်ကို တရားမဝင် စက်သုံးဆီ ရောင်းချတယ်ဆိုပြီး စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာက အသက် ၅၀ အရွယ် ဦးသန်းလွင်၊ အသက် ၄၀ ကျော်အရွယ် ဒေါ်ဝါဝါခိုင်၊ အသက် ၃၀ ကျော်အရွယ် ဒေါ်ချောချောနဲ့ အသက် ၃၀ အရွယ် ကိုထူးထူးတို့ကို မေ ၈ ရက်နဲ့ ၁၀ ရက်တွေမှာ စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
နေပြည်တော် လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့သူတွေကို ရဲတွေ သတင်းအရ ဖမ်းတာလို့ သိရပါတယ်။ ၈ ရက်နေ့က ၃ ယောက်နဲ့ ၁၀ ရက်နေ့က တယောက် ဖမ်းခဲ့တာ” လို့ ပြောပါတယ်။
စက်ဆုံးဆီ တရားမဝင် ရောင်းချမှုနဲ့ အဖမ်းခံရတဲ့သူတွေထဲက ဦးသန်းလွင်၊ ဒေါ်ဝါဝါခိုင်၊ ဒေါ်ချောချောတို့ကို မေ ၈ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုထူးထူးကို ၁၀ ရက်မှာ စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အဖမ်းခံရတဲ့သူတွေထဲက ဦးသန်းလွင်ရဲ့ ဒီဇယ်ဂါလန် ၅၀ ပါ သံတိုင်ကီတလုံး၊ ဒေါ်ဝါဝါခိုင်ရဲ့ ကော်ပုံးနဲ့ထည့်ထားတဲ့ 92 စက်သုံးဆီ ၁၆ ဂါလန်၊ သံတိုင်ကီအလွတ်တလုံး၊ ဆီဂေါက်တံတခု၊ သံဂါလန်ချိန်ခွက် ၃ ခု၊ ဆီကန်တော့ ၂ ခု၊ ကော်ခြင်းတခု၊ ဒေါ်ချောချောရဲ့ 92 စက်သုံးဆီဂါလန် ၃၀ ပါ သံတိုင်ကီတလုံး၊ ဆီဂေါက်တံတခု၊ ကော်ပုံး ၂ ပုံး၊ ဆီကန်တော့တခု၊ သံတိုင်ကီအလွတ်တလုံး၊ ကိုထူးထူးရဲ့ ဒီဇယ်ဂါလန် ၅၀ ပါ သံတိုင်ကီတလုံးတို့ကိုပါ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
အဖမ်းခံရတဲ့ အရပ်သား ၄ ယောက်ကို စစ်အာဏာရှင် ရဲတပ်ဖွဲ့က လယ်ဝေးမြို့နယ်၊ လယ်ဝေးနယ်မြေရဲစခန်းနဲ့ အေလာနယ်မြေရဲစခန်းမှာ ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။










