
ထိုင်းကုန်စည်တင်သွင်းတာကို ကန့်သတ်ထားတာကြောင့် မြန်မာပြည်တွင်းမှာ အိမ်မီးဖိုချောင်သုံး ဂက်စ်ဘူး ဖြည့်သွင်းခ မြင့်တက်သွားပြီး ရှေ့ဆက် ပိုဆိုးမဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့ အဲဒီလုပ်ငန်း လုပ်ကိုင်သူတွေ ဆီက သိရပါတယ်။
ဂက်စ်မီးဖိုတွေမှာသုံးတဲ့ LPG ဓာတ်ငွေ့ရည်ကို ထိုင်းနိုင်ငံကနေ အဓိက တင်သွင်းနေရတာဖြစ်ပြီး အခုနောက်ပိုင်း နယ်စပ်လမ်းကြောင်းက ကုန်စည်သယ်ယူတာကို တင်းတင်းကျပ်ကျပ် တားမြစ် နေတဲ့အတွက် ဈေးကြီးမြင့်လာတာလို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှ ဂက်စ်ဘူးဖြည့် ရောင်းချသူတယောက်က “ယူရတဲ့ဈေးကိုက တက်တော့ လိုက်တက်ရတာ။ အမှန်ဆိုရင် အားလုံးက အဆင်မပြေကြတော့ ပိုလည်း မယူချင်ပါဘူး။ နောက်ဆို ရချင်မှတောင်ရမှာ။ ရရင်တောင် ဈေးနှုန်းက ဘယ်လောက်ဖြစ်ဦးမလဲ မပြောနိုင်ဘူး” လို့ ပြောပါတယ်။
အရင်က အိမ်သုံးဂက်စ်ဘူးအသေး ဖြည့်ခက ၁,၆၀၀ ကျပ်ဝန်းကျင်ရှိပြီး အခုရက်ပိုင်းထဲမှာ ကျပ် ၂,၀၀၀ ထက်မနည်း ပေးနေရကာ တချို့ဆိုင်တွေ ပစ္စည်းပြတ်လို့ ရပ်ထားရတဲ့အထိ ဖြစ်နေတယ်လို့ အသုံးပြုသူတွေဆီက သိရပါတယ်။
ဂက်စ်မီးဖိုသုံးပြီး အသားလုံးကြော်ရောင်းသူတယောက်က “ဂက်စ်ဖြည့်ခ တက်တဲ့ကြားက လိုသလောက် မရတာမျိုး ဖြစ်နေတာ။ တချို့ဆိုင်တွေဆို ပုံမှန်ဖောက်သည်ပဲ လက်ခံ ရောင်းပေးတာတွေပါ ဖြစ်လာတာ” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ လျှပ်စစ်မီး အချိန်မရွေး ပြတ်လေ့ရှိသလို မီတာခ ကြီးမြင့်လာတာကြောင့် ဂက်စ်မီးဖို အသုံးပြုတဲ့ဓလေ့ တွင်ကျယ်မှု ရှိလာတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။










