
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုအတွက် တရားဝင်လိုင်စင်ချမပေးတဲ့အပြင် မြဝတီ-ကော့ကရိတ်-ဘားအံ လမ်းကြောင်းတလျှောက် ထိုင်းကုန်စည်တင်ယာဉ်တွေကို နေ့တိုင်းလိုလို ဖမ်းဆီးနေတာဟာ အခွန်ငွေထက်ပိုရလို့ လုပ်ဆောင်နေတာလို့ ကုန်သည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၈ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ ထိုင်းစစ်ဦးစီးချုပ်တို့ တွေ့ဆုံပြီး မြန်မာ-ထိုင်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးမှုအပြီး ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းကို စစ်အာဏာရှင်ဘက်က ဧပြီ ၂ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
ဒါပေမဲ့ မြဝတီအမှတ် ၂ တံတားကို ကန့်သတ်ချက်တွေနဲ့ ကုန်တင်ယာဉ်တွေအား ဖြတ်သန်းခွင့် ပြုခဲ့ပါတယ်။
ဒါ့အပြင် မြဝတီ-ကော့ကရိတ်-ဘားအံ လမ်းကြောင်းတလျှောက် ထိုင်းကုန်စည်တင်ယာဉ်တွေကို နေ့တိုင်းလိုလို ဖမ်းဆီးနေပါတယ်။
ကုန်တင်ယာဉ်မောင်းတယောက်က “ကုန်သွယ်ရေးလုပ်ငန်းက အဆင်မပြေဘူး။ မြဝတီကနေ ခါလီ ဆင်းရင်တောင် ဘားအံအရောက် အငယ်ခံ ၆ သိန်းလောက် ကုန်တယ်။ အလွတ်နော်။ ရန်ကုန်ကနေပြီတော့ မြဝတီကုန်စည် ရှိတယ်။ မြဝတီကနေ ဒီဘက်ကို ပြန်ဝင်တဲ့ကုန်စည် မရှိဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်။ အခု သွားနေကြတာ အကုန်လုံးက ခါလီပဲ ပြန်ဆင်းတယ်။ ခေါင်းအစားမခံတော့ဘူး” လို့ ပြောပါတယ်။
လက်ရှိ ထိုင်းနိုင်ငံက ကုန်ပစ္စည်းတင်သွင်းမှုအတွက် ထိုင်းဘတ်ငွေ သန်း ၆၂၀ တန်ဖိုးရှိ သွင်းကုန်လိုင်စင်တွေကို ခွင့်ပြုပေးထားပြီး ထုတ်ကုန်အနေနဲ့ လူသုံးကုန်၊ စားသောက်ကုန်နဲ့ ကုန်ထုတ်လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ အဓိကဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံကို စိုက်ပျိုးရေးထုတ်ကုန်ဖြစ်တဲ့ ပြောင်း၊ ငရုတ်နဲ့ ကြက်သွန်နီတွေကို အဓိကတင်ပို့ခဲ့ပါတယ်။
ဒါပေမဲ့ သွင်းကုန်အတွက် တရားဝင်လိုင်စင်မချပေးတဲ့အပြင် အခွန်ငွေပိုရနိုင်တဲ့ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေတာလို့ ကုန်သည်တွေက ပြောပါတယ်။
ကုန်သည်တယောက်က “သူ့ရဲ့ ပထမအချက်ကတော့ လိုင်စင်မချပေးဘူး။ လိုင်စင်မချပေးတဲ့အခါကျတော့ ကုန်သည်တွေက လိုင်စင်မရှိရင် အခွန်ဆောင်လို့ မရဘူး။ အဲဒီအပေါ်မှာ ခိုးသွားကြတာပေါ့။ ခိုးသယ်တဲ့အခါကျတော့လည်း သူက ဖမ်းတယ်။ ဖမ်းပြီး လေလံပြန်ပစ်တယ်။ အဲဒီအပေါ်မှာတော့ အခွန်ငွေထက် ပိုရတယ်။ သူ့ဘက်က အချက်ပေါ့။ ကျနော်တို့ ပုံမှန်အားဖြင့် မြဝတီကနေ ရန်ကုန်ကို ကုန်ဆင်းမယ်ဆိုရင် အတွင်းပစ္စည်းက အခွန်ဆောင်တာက ကားတစီးကို ဘယ်လောက်မှ မရှိဘူးလေ။ သိန်း ၄၀၊ ၅၀၊ ၆၀ ဆိုရင် အခွန်ဆောင်ပြီး သွားလို့ရတယ်။ ဖမ်းလိုက်တဲ့အခါကျတော့ ပစ္စည်းတန်ဖိုးက ထောင်နဲ့ချီရှိတယ်။ ပြီးရင် အဲဒီအပေါ်မှာ ဒဏ်ရိုက်တယ်၊ ကားသိမ်းမယ်။ ကားကိုလည်း ဒဏ်ကြေးနဲ့ ပြန်ရွေးမယ်။ အဲဒီအပေါ်မှာ ငွေတွေက အရများတယ်။ အဲဒါကို သိသွားတော့ အဲဒီလုပ်ကွက်နဲ့ သွားနေတဲ့ပုံစံ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကုန်သည်တွေကို တရားဝင်လိုင်စင်မချပေးဘဲ မှောင်ခိုလမ်းကြောင်းပေါ် ရောက်အောင် လုပ်ဆောင်နေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်ကစပြီး မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ တံတားကို မြန်မာဘက်ခြမ်းက စတင်ပိတ်ခဲ့တဲ့အပြင် တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။











