
စစ်အာဏာရှင်တပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့ အနီးတဝိုက်ကို တနှစ်ကြာတဲ့အထိ အပြည့်အဝ ပြန်လည်မထိန်းချုပ်နိုင်တာကြောင့် လူ၊ လက်နက်ခဲယမ်း ထပ်မံ ဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကရင်စစ်ရေးလေ့လာသူနဲ့ စစ်ရှောင် တွေက ပြောပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့နီးက ကျေးရွာတွေကို စစ်အာဏာရှင်တပ်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ စစ်မှုထမ်း တပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး ဝေဟင် မြေပြင် ပစ်ကူနဲ့ စစ်ကြောင်းထိုးခဲ့တာပါ။
တနှစ်ကြာမြင့်တဲ့အထိ စစ်တပ်စစ်ကြောင်းတွေဟာ နယ်မြေအပြည့်အဝ ပြန်လည်မထိန်းချုပ်နိုင်တဲ့ အတွက် လူအင်အား လက်နက်အင်အား ထပ်မံဖြည့်တင်းပြီး စစ်ကြောင်းထိုးနေပါတယ်။
ဒါကြောင့် နိုဝင်ဘာ ၇ ရက်က ကျုံဒိုးမြို့၊ ဝိဇ္ဖာကုန်းကျေးရွာအနီးမှာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အထိနာခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “လွန်ခဲ့တဲ့ ၃ ရက် (၆ ရက်နေ့) က ဘားအံဘက်ကနေပြီးတော့မှ စစ်သည်အင်အားအပြည့်နဲ့ ဖောကား၊ အရပ်သားကားလိုမျိုး အရောင်ပြောင်းထားတဲ့ကား ၅ စီး တသုတ်၊ ၇ စီး တသုတ် တက်လာတာတွေ ရှိတယ်။ ကော့ကရိတ်ဘက်ကို တက်သွားတာရှိတယ်။ တပ်အင်အားတိုးချဲ့တယ်၊ တိုးမြှင့်တယ် ဆိုတာမျိုးကိုလည်း မြင်တွေ့ရတယ်။ တနေ့ကဆိုလို့ရှိရင် ၇ စီး ထပ်တက်သွားတဲ့နေရာမှာ ကျန် ၄ စီးက လူအင်အားအပြည့်၊ ၃ စီးကတော့ စားနပ်ရိက္ခာ လက်နက်ခဲယမ်းမီးကျောက် အပြည့်တင်ထားတဲ့ ကားတွေ ကျနော်တို့တွေ့ရတယ်။ တပ်မဟာ ၆ ထဲ ကွက်ကျား၊ ပျောက်ကျား ထိုးသွားပြီးတော့ မနေ့တနေ့က ဝိဇ္ဖာကုန်းမှာ တိုက်ပွဲဖြစ်တယ်။ စကမဘက်က လူအင်အားတော့ မသိဘူး။ KNLA နဲ့ ထိပ်တိုက်တွေ့တယ်။ သူတို့ဘက်က တော်တော်လေး သေသွားတယ်။ သေပြီးတော့ တပ်ပြန်ဆုတ်သွားတယ်” လို့ ပြောပါတယ်။
တိုက်ပွဲတွေနဲ့ စစ်တပ်က စစ်ကြောင်းထိုးတာ၊ မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိ၊ ငါးတိုင်၊ လေးတိုင်၊ ရေပူ၊ အင်းကြီး စတဲ့ကျေးရွာ ၂၀ က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရဆဲပါ။
လက်ရှိမှာလည်း စစ်ရှောင်ပြည်သူတွေကို စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်နေထိုင်ခွင့် မပြုသေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ရှောင်တယောက်က “သူတို့ တပ်ပြန်ဆုတ်တာ ကြားတယ်။ ဘယ်နေ့ဘယ်ရက်ဆိုတာ မသိဘူး။ အမိုးတို့က သေသေချာချာ မပြောရဲဘူး။ ဒါပေမဲ့ လေယာဉ်ကတော့ နေ့တိုင်းပဲ။ ညလည်း လာတယ်။ နေ့လည်း လာတယ်။ လက်နက်ကြီးကတော့ ဒီအပေါ်ဘက်ဆိုတော့ ကြားတယ်။ ထီးဖိုးစံဘက် ပစ်တာလည်း ရှိတယ်။ လောင်းကိုင်ဘက် ပစ်တာလည်း ကြားတယ်။ စစ်ရှောင်တုန်းပဲ။ ရွာပေးမဝင်ဘူး။ အပြင်မှာတော့ ပေးနေတယ်။ လမ်းဘေးဝဲယာမှာ မပေးနေသေးဘူး။ ဘယ်လိုလုပ်မလဲ ဒီအတိုင်းရှောင်နေရတယ်။ ခွင့်ပြုမိန့်ရရင်လည်း အမိုးတို့ ပြန်မနေရဲသေးဘူး။ မသိဘူး။ လယ်လည်း မလုပ်ရ၊ ဘာလည်း လုပ်မရဆိုတော့ ကြာရင် အမိုးတို့ ငတ်တော့မယ်” လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်က ၂ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းကို စစ်အာဏာရှင်တပ်က ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားလာခွင့် ခွင့်ပြုခဲ့ပါတယ်။
ဒါပေမဲ့ အာရှလမ်းမကြီးဘေးက ကျေးရွာတွေအတွင်းမှာ စစ်တပ်က ဝင်ရောက်တပ်စွဲနေတဲ့အပြင် အခိုင်အမာ ခံစစ်ပြင်ဆင်ပြီး ဒေသခံတွေရဲ့ နေအိမ်တွေမှာ နေထိုင်နေတဲ့အပြင် စစ်ရှောင်တွေရဲ့ အိမ်သုံးပစ္စည်းတွေ ခိုးယူခံရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
အောင်ခန့်











