
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ရှောင်တွေထဲက နေအိမ် ပြန်လည်ဆောက်လုပ်နိုင်သူတွေကို စစ်အာဏာရှင်လက်အောက်ခံ အုပ်ချုပ်ရေးက အိမ်ဆောက်ပစ္စည်း ထောက်ပံ့ပေးပြီး နေအိမ်မဆောက်လုပ်နိုင်သူတွေ ဘာထောက်ပံ့မှုမှ မပေးဘူးလို့ ပြန်လည်ဝင်ရောက်နေထိုင်တဲ့ မြို့ခံတွေက ပြောပါတယ်။
ဧပြီ ၅ ရက်က ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ဖို့နဲ့ နေအိမ် ပျက်စီးဆုံးရှုံးထားသူတွေကို အိမ်ဆောက်ပစ္စည်းတွေ ပေးမယ်လို့ မက်လုံးပေး ခေါ်ယူခဲ့ပါတယ်။
မေ ၂၅ ရက်က ပြန်လည်ဝင်ရောက်နေထိုင်ပြီး အိမ်ဆောက်နိုင်တဲ့ အိမ်ထောင်စု ၈၄ စုကို ဘိလပ်မြေ အိတ် ၂၀ နဲ့ သွပ် အချပ် ၄၀ ထောက်ပံ့ပေးခဲ့ပါတယ်။
တကယ်လက်တွေ့မှာ အိမ်မဆောက်နိုင်သူတွေကို ဘာမှမပေးဘူးလို့ ပြန်လည်ဝင်ရောက် နေထိုင်သူတွေက ပြောပါတယ်။
ပြန်လည်ဝင်ရောက်နေထိုင်သူတယောက်က “သူတို့ကို အိမ်ဆောက်ပြရမယ်။ တချို့လူတွေကျတော့ ယူလိုက်လို့ရှိရင် အိမ်မဆောက်နိုင်လို့ရှိရင် မယူနဲ့ အရေးယူမယ်။ ယူပြီးတော့ သွပ်တို့ ဘိလပ်မြေတို့ ရောင်းစားလို့မရဘူး။ အိမ် အပြီးဆောက်ပြရမယ်။ လူတိုင်းကို ပေးတာမဟုတ်ဘူး။ သူတို့က နည်းနည်းပေးတယ်။ ကိုယ်က ပိုက်ဆံများများကိုင်ပြီး ပြန်လုပ်ရမယ်။ ပိုက်ဆံရှိတဲ့သူတွေက လုပ်နိုင်တယ်။ မရှိတဲ့လူတွေက ဘာမှ လုပ်လို့မရဘူး။ အဲဒါကြောင့် မရှိတဲ့သူက သူတို့ပေးတဲ့ ဘိလပ်မြေ ယူလို့မရဲဘူး။ ယူလို့ရှိရင် ဆောက်ရတော့မယ်။ အခုက ပိုက်ဆံမှမရှိဘဲ ဘယ်လို လုပ်မတုန်း။ လုပ်နိုင်တဲ့ မြို့ကျက်သရေဆောင် မိန်းလမ်းက အိမ်တွေ။ ပိုက်ဆံရှိတဲ့ တရုတ်တွေ ကုလားတွေ ချမ်းသာတဲ့အိမ်တွေ ရတယ်။ အခုက ချမ်းသာတဲ့သူတွေ ပေးတဲ့ပုံစံ ဖြစ်နေတယ်” လို့ ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းမှာ မီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ် ၁,၅၀၀ ကျော်ထဲက နေအိမ်အသစ် ပြန်လည်ဆောက်လုပ်မဲ့ နေအိမ် ၄၉ လုံးနဲ့ ပြန်လည်ပြင်ဆင်မဲ့ နေအိမ် ၃၅ လုံးကို ဘိလပ်မြေ အိတ် ၂၀ နဲ့ သွပ်အချပ် ၄၀ ထောက်ပံ့ပေးခဲ့ပါတယ်။
အိမ်ဆောက်ပစ္စည်းထောက်ပံ့ရာမှာ နေအိမ် ပြီးအောင်မဆောက်တဲ့သူတွေကို ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်အရေး ကူညီပေးသူတယောက်က “သူတို့က ကော့ကရိတ်မြို့ကို ပြန်ပြီး စုဖွဲ့ဖို့ လုပ်တဲ့အချိန်မှာ ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ဆောက်ဖို့အတွက်က ဘိလပ်မြေအနည်းငယ်နဲ့ ပံ့ပိုးပေးမယ်၊ ထောက်ပံ့ပေးမယ် ဆိုပြီးတော့မှ သူတို့ပေးတဲ့ ဘိလပ်မြေတွေက အိမ်တလုံးဆောက်ဖို့ အတွက်က လုံလောက်မှုမရှိဘူး။ စစ်ဘေးရှောင်တွေက ဝင်ငွေကလည်း မရှိဘူး။ အလုပ်အကိုင် မရှိဘူး။ အဲတော့ အိမ်ကို ပြီးအောင်မဆောက်တဲ့သူတွေကို ဘယ်လိုလုပ်မယ် ညာလိုလုပ်မယ် ဆိုတာမျိုး သူတို့ ဖိအားပေးတယ်၊ ခြိမ်းခြောက်တာတွေ လုပ်နေတယ်။ မြေပြင်မှာ ရှိနေတယ်” လို့ ပြောပါတယ်။
လက်တွေ့မှာ ငွေကြေးတတ်နိုင်ပြီး နေအိမ်ဆောက်လုပ်နိုင်တဲ့ ရပ်ကွက် ၁ က နေအိမ် ၁၅ လုံး၊ ရပ်ကွက် ၂ က နေအိမ် ၅ လုံး၊ ရပ်ကွက် ၄ က နေအိမ် ၁၁ လုံး၊ ရပ်ကွက် ၅ က နေအိမ် ၂၉ လုံး၊ ရပ်ကွက် ၆ က ၇ လုံးနဲ့ ရပ်ကွက် ၇ က နေအိမ် ၁၇ လုံး ထောက်ပံ့တဲ့ အိမ်ဆောက်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။










