
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့နီးက ကျေးရွာတွေမှာ စစ်အာဏာရှင်တပ်က ဝင်ရောက် တပ်စွဲကာ အခိုင်အမာခံစစ်ပြင်ဆင်ပြီး နေအိမ်တွေမှာ နေထိုင်နေတဲ့အပြင် ဒေသခံတွေ ကို ဝင်ရောက်ခွင့်မပြုဘူးလို့ စစ်ရှောင်အရေးကူညီပေးနေသူတွေဆီက ပြောပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့နီးက ကျေးရွာတွေကို စစ်တပ်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ စစ်မှုထမ်း တပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး ဝေဟင် မြေပြင် ပစ်ကူနဲ့ စစ်ကြောင်းထိုးခဲ့တာကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ လက်ရှိမှာလည်း ကျေးရွာတွေအတွင်းမှာ စစ်တပ်က ဝင်ရောက်တပ်စွဲနေတဲ့အပြင် အခိုင်အမာခံစစ်ပြင်ဆင်ပြီး ဒေသခံတွေရဲ့နေအိမ်တွေမှာ နေထိုင်နေပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “ကျုံဒိုးမြို့ မီးပုံပွဲကွင်းကနေပြီး စပြီးတော့ ရေတွက်မယ်ဆိုရင် အထူးသဖြင့် လေး တိုင်၊ ငါးတိုင်၊ ရေပူ၊ အင်ကြီး၊ ကျုံးဒိုးချောင်းဖျား မြပတိုင် နောင်တပွဲ အဲဒီဘက်က ရွာတွေဆိုလိုရှိရင် ရွာတွေမှာ စစ်ဘေးရှောင်တွေ ပြန်လာမနေရဲကြဘူး။ အဲဒီလမ်းဘေးတလျှောက်မှာရှိတဲ့ အိမ်တွေဆိုလို့ရှိရင် စကမစစ်တပ်ကနေပြီးတော့မှ ဝင်ရောက် နေထိုင်စခန်းချနေတာကိုတော့ ကျနော်တို့ ပြည်သူပြည်သား လမ်းသွားလမ်းလာတွေအားလုံး တွေ့နေရတယ် မြင်နေရတယ်။ အိမ်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေလည်း ဘာတခုမှ မရှိတော့ဘူး။ အိမ်တွေလည်း ဟင်းလင်းဟာလာနဲ့ သူတို့နေချင်သလိုနေတယ်။ လုပ်ချင်သလိုလုပ်နေတဲ့ အနေအထားမျိုးတွေလည်း ရှိသလို တချို့အိမ်ကြီး အိမ်ကောင်းတွေဆိုလို့ရှိရင် ပန်ကာ စနစ်တကျ သူတို့ပြည်လည်ပြီးတော့ တည်ဆောက်ပြီး နေထိုင်နေတာကိုလည်း ကျနော်တို့ မြင်တွေ့နေရပါတယ်” လို့ပြောပါတယ်။
တိုက်ပွဲတွေနဲ့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးတာ၊ မြေပြင်ကနေ လက်နက် ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိ၊ ငါးတိုင်၊ လေးတိုင်၊ ရေပူ စတဲ့ကျေးရွာ ၂၀ က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလ ၁ နှစ်နီးပါးကြာမြင့်လာပြီးမို့ ဒုက္ခမျိုးစုံခံစားနေရတဲ့အပြင် လုံခြုံမှုမရှိတဲ့အတွက် လွတ်လပ်စွာသွားလာခွင့်မရှိဘူးလို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
စစ်ရှောင်တယောက်က “အမိုးတို့ ဒီမှာနေတာကတော့ ဒုက္ခတွေအများကြီးခံရတာပေါ့။ လွတ်လွတ်လပ်လပ် သွားခွင့်မရှိဘူး။ လုံခြုံမှုလည်း မရှိဘူး။ အမိုးတို့နေတာ ဆင်းရဲဒုက္ခတွေ အများကြီး။ ဘာစီးပွားရေးမှ လုပ်စားလို့မရဘူး။ ဘာမှ လုပ်စားပိုင်ခွင့်မရှိဘူး။ အမိုးတို့ ခံစားရတာ ဒုက္ခကြီးပဲပေါ့။ အမိုးတို့က ဒီအချိန်မှာ ဘာမှ ပြောပိုင်ခွင့်လည်း မရှိဘူး။ ဘာမှလည်း ပြောလို့လည်း မရဲဘူးလေ။ အခုက အလုံးကြီးတွေ လှမ်းထုနေတာ ကြားနေရတယ်။ တပ်က ထုတာ။ အမိုးတို့ ဘာသတင်းမှ မကြားဘူး။ ထုတာ အခြေအနေမကောင်းလို့ ထုတာဖြစ်မယ်”လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်က ၂ နှစ်ကြာပိတ်ထားခဲ့တဲ့ ကော့ကရိတ်- မြဝတီ(အာရှ)လမ်းကို အာဏာရှင်စစ်တပ်က ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားလာခွင့် ခွင့်ပြုခဲ့ပါတယ်။။
ဒါပေမဲ့ အာရှလမ်းမကြီးဘေးနဲ့ စစ်ရှောင်ကျေးရွာက ဒေသခံတွေကို စစ်တပ်က ကျေးရွာအတွင်းကို ဝင်ရောက်ခွင့်မပြုတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ ယာယီစစ်ရှောင်စခန်းတွေနဲ့ ဆွေမျိုးတွေဆီမှာ ဒီကနေ့အထိ စစ်ရှောင်နေရပါတယ်။
လက်ရှိမှာလည်း လယ်ယာ၊ ရာဘာခြံနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေ လုပ်ကိုင်ခွင့်မရတဲ့အတွက် နေထိုင်စားသောက်ရေးမှာ ခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အောင်ခန့်











