
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပြန်ဖွင့်တာ တလဝန်းကျင် ရှိလာပြီဖြစ်ပေမဲ့ ထိုင်းကုန်စည်တွေ တရားဝင်သယ်ယူခွင့် မပေးသေးတဲ့အတွက် မှောင်ခိုလမ်းကြောင်းကနေ သယ်ယူနေရပါတယ်။
၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စစ်အာဏာရှင် လက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၂ ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
လမ်းပြန်ဖွင့်တာ တလဝန်းကျင် ရှိလာပေမဲ့ လက်ရှိမှာ ခရီးသည်တင်ကားတွေသာ သွားလာခွင့် ရရှိနေပြီး လမ်းတလျှောက်မှာလည်း စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ် ၁၀ ဂိတ်ထက်မနည်းနဲ့ အစစ်အဆေး တင်းကျပ်နေတယ်လို့ သိရပါတယ်။
အထူးသဖြင့် ရှမ်းပြည်နယ်မှတ်ပုံတင် ၁၃/ နဲ့ စစ်ကိုင်းတိုင်းမှတ်ပုံတင် ၅/ ကိုင်ဆောင်သူတွေကို ငွေကြေးတောင်းခံတာနဲ့ ဖမ်းဆီးတာတွေ ရှိနေသလို ခရီးသည်တွေရဲ့ တနိုင်တပိုင်ပစ္စည်းတွေက လွဲလို့ တခြားအပိုပစ္စည်း သယ်ယူခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့ အာရှလမ်း အသုံးပြုသူတယောက်က ပြောပြပါတယ်။
“ဒီလိုပါပဲ သွားလာနေကြတာပဲ၊ လူပါရင်တော့ သွားလာလို့ရတယ်၊ လူမပါရင်တော့ သွားလာလို့မရဘူး။ ပစ္စည်းတွေက အရမ်းများလို့မရဘူး၊ ပိတ်ထားတယ်၊ အထည်တို့ ဘာတို့ကျတော့၊ ကန့်သတ်ထားတာတော့မရှိဘူး။ တချို့ကျတော့ရစ်တယ်၊ ပိုက်ဆံပေးရတာပေါ့။ ၁၃/ တွေ မုံရွာတို့ စစ်ကိုင်းတို့၊ ဂိတ်ကတော့များတယ်၊ စစ်တဲ့ဟာလည်း စစ်တယ်၊ မစစ်တဲ့ဟာတော့ မစစ်ဘူး။”
စစ်တပ်ဘက်က အာရှလမ်းကို စစ်ရေးအရ ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ပြသဖို့အတွက် လမ်းဖွင့်ပေးလိုက်ပေမဲ့ ထိုင်းကုန်စည်တွေကိုတော့ တင်ဆောင်ခွင့် မပေးသေးပါဘူး။
ဒါကြောင့် ကုန်သည်တွေဟာ ထိုင်းနိုင်ငံကလာတဲ့ ကုန်စည်တွေကို တောလမ်းတွေကနေတဆင့် ဘားအံ၊ အဲဒီကမှတဆင့် ရန်ကုန်ကို ခက်ခဲစွာ သယ်ယူနေရပါတယ်။
ရန်ကုန်ကို သယ်ဆောင်ရာမှာလည်း ဘီးလင်းနဲ့ ကျိုက်ထိုမြို့က စစ်တပ်ဂိတ်တွေကို ငွေကြေးပေးပြီး ဖြတ်သန်းနေရတာပါ။
အဲဒီလို အာဏာပိုင်တွေကို ငွေပေးနေရတဲ့ကြားကပဲ ကုန်တင်ကားတွေဟာ ခဏခဏ ဖမ်းဆီးခံနေရပြီး ဖမ်းဆီးခံရတဲ့ကားတွေကို မော်လမြိုင် ကညနမှာ ရွှေတကျပ်သားနဲ့ ပြန်ထုတ်နေရတယ်လို့ ကုန်သည်တယောက်က ပြောပါတယ်။
“ဂိတ်က အကုန်ရှိတယ်၊ တောင်းနေတာပဲ အကုန်လုံး၊ ကားအကြီးတွေ ဘာတွေဆိုရင်တော့ သိန်းနဲ့ချီပြီး ပေးရတယ်။ ဟိုရက်ကဆို အစီးလိုက် အစီးလိုက် ဖမ်းတယ်။ တခါဖမ်းလို့ရှိရင် ရွှေတကျပ်သား ပေးရတယ်။ ကားရော ပစ္စည်းရော တခါတည်းသိမ်းတာ မော်လမြိုင် မောင်းသွားတယ်။ ပြီးရင် သွားပြန်ထုတ်၊ ကား ၂ ခါဖမ်းမိတာ ရွှေတကျပ်သား တတုံး တတုံး ၂ ခါ ပေးရတယ်။ ဘီးလင်းဂိတ်ကနေ ဖမ်းတာ၊ လမ်းကြောင်းရှင်းထားလည်း ၂ နာရီဖြတ်မယ်ဆို ဒီအဖွဲ့ကို လမ်းကြောင်းရှင်းထားတယ်၊ ၂ နာရီကျော်သွားလို့ နောက်တဖွဲ့ ဖြစ်သွားရင် အဖမ်းခံရတာပဲ။”
မွန်ပြည်နယ်အတွင်းက ဂိတ်တွေကို ဖြတ်ကျော်နိုင်ခဲ့ရင်လည်း ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ဂိတ်မှာ ထပ်မံစစ်ဆေးခံရပြီး ပစ္စည်းတွေ သိမ်းယူခံရတာမျိုးတွေ ရှိနေပါတယ်။
ဒီလို လမ်းခရီးမှာ ဖမ်းဆီးသိမ်းဆည်းခံရမှုတွေကြောင့် သယ်ယူစရိတ်တွေ မြင့်တက်နေပြီး အာရှလမ်း ပြန်ဖွင့်ထားပေမဲ့ ထိုင်းကုန်စည်တွေရဲ့ ဈေးနှုန်းဟာ ကျဆင်းလာခြင်း မရှိသေးဘူးလို့ သိရပါတယ်။
သီရိ











