
ဧရာဝတီတိုင်းမှာ တောင်သူလယ်သမားတွေ အပါအဝင် အရပ်သား ၁၉ ယောက်ကို စက်သုံးဆီ မှောင်ခိုသယ်ယူ ရောင်းချတယ်လို့ စွပ်စွဲပြီး စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲက ရေကြည်၊ ကျုံပျော်၊ သာပေါင်း၊ ငပုတော၊ ငရုတ်ကောင်း၊ ဟိုင်းကြီးကျွန်းနဲ့ လေးမျက်နှာမြို့နယ်တွေမှာ အရပ်သား ၁၉ ယောက်ကို တရားမဝင် စက်သုံးဆီရောင်းချမှုနဲ့ စက်သုံးဆီမှောင်ခိုသယ်ယူမှုတို့နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ငပုတောမြို့နယ်မှာ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “ရဲတွေက စက်သုံးဆီတွေကို ကိုယ်တိုင်သုံးဖို့ လိုအပ်လို့ ဝယ်လာတဲ့သူတွေနဲ့ ရပ်ကွက်ထဲမှာ ရေသန့်ဘူးတွေနဲ့ ထည့်ပြီး ပြန်ရောင်းတဲ့သူတွေကို ဖမ်းခဲ့တာပါ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ၁၉ ယောက်ထဲမှာ ပုသိမ်မြို့က အမျိုးသား ၂ ယောက်၊ ကျုံပျော်မြို့နယ်က အမျိုးသား ၄ ယောက်၊ ငပုတောမြို့နယ်က အမျိုးသား ၂ ယောက်၊ သာပေါင်းမြို့နယ်က အမျိုးသမီး ၁ ယောက်၊ ရေကြည်မြို့နယ်က အမျိုးသား ၃ ယောက်၊ ငရုတ်ကောင်းမြို့က အမျိုးသား ၁ ယောက်၊ ဟိုင်းကြီးကျွန်းမြို့က အမျိုးသမီး ၃ ယောက်နဲ့ လေးမျက်နှာမြို့နယ်က အမျိုးသား ၃ ယောက်တို့ ပါဝင် ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့သူတွေထဲမှာ လယ်သမားတွေလည်း ပါတယ်လို့ သိရတယ်။ စက်သုံးဆီကို မှောင်ခို ဝယ်ယူသိုလှောင်ထားတယ် ဆိုပြီး ဖမ်းဆီးခဲ့တာပါ။ အားလုံးကို အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၉ ယောက်ကို ရဲတပ်ဖွဲ့က ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်ထား ပါတယ်။











