
ရှမ်းပြည်နယ် တာချီလိတ်၊ ကျိုင်းတုံနဲ့ ကရင်ပြည်နယ် မြဝတီမြို့တွေကနေ ဝင်လာတဲ့ ထိုင်းကုန်စည်တွေကို စစ်အာဏာရှင်တပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးလာနေပြီး ဖမ်းဆီးရမိရင် ဖျက်ဆီးတာတွေအထိ လုပ်လာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
ထိုင်းနိုင်ငံဘက်ကနေ ကုန်ပစ္စည်းတွေ တင်သွင်းလာတာကို စက်တင်ဘာ ၁၅ ရက်ကစပြီး ယာယီရပ်ဆိုင်းထားသလို ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးရမိရင်လည်း ကားပေါ်ကနေ ဆွဲချပြီး ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
တာချီလိတ်မြို့ ဒေသခံတယောက်က “အရင်ကတော့ ပေးသယ်သေးတယ်။ အခုက အမှတ် ၁ တံတားကနေ ကုန်စည်တွေကို ပေးမသယ်လို့ မယ်ဆိုင်ဘက်မှာ ကုန်တွေ စုပုံထားနေရတယ်။ စစ်တပ်ဘက်က ပေးမသယ်ဘူး။ ထိုင်းကုန်ပစ္စည်းတွေကို သယ်တာ လက်မခံဘူး ဆိုပြီးတော့။ မနေ့ကပဲ မီနီဗန် ၁၈ စီး၊ သုံးဘီးဆိုင်ကယ် ၆ စီး၊ ဆိုင်ကယ်တစီးကို ထိုင်းကုန်စည်တွေ သယ်တယ်ဆိုပြီး ဖမ်းတယ်။ ပါလာတဲ့ပစ္စည်းတွေကို ဖျက်ဆီးလိုက်တယ်။ ဂျောဒေါင်သုသာန်မှာ မြှုပ်နှံ ဖျက်ဆီးတာ လုပ်တယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို လေလံတင် ပြန်ရောင်းချကြတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီယာဉ်တွေပေါ်မှာ အေးခဲကြက်သား၊ ဝက်သား၊ အသားအစားထိုးထုတ်ကုန် ၇ ဒသမ ၂၇၄ တန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ လတ်ဆတ်တဲ့ စိုက်ပျိုးရေးထွက်ကုန် ၅ ဒသမ ၄၉၃ တန် ပါဝင်ခဲ့တယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်သလို သတ်မှတ်ထားတဲ့ တင်သွင်း၊ တင်ပို့ခွင့်ပြုချက် စာရွက်စာတမ်းတွေနဲ့ အရည်အသွေးစစ်ဆေးရေး လက်မှတ်တွေ မပါတာကြောင့်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် ဘားအံ-ရန်ကုန် လမ်းမှာလည်း အိမ်စီးကားနဲ့ ပြန်လာသူတွေရဲ့ တနိုင်တပိုင် ထိုင်းကုန်ပစ္စည်းတွေကိုလည်း ဒုန်သမိ၊ ဘီးလင်း၊ စစ်တောင်းက စစ်တပ်ဂိတ်တွေကနေ ဆွဲချပြီး သိမ်းဆည်းတာတွေအထိ တင်းကျပ်လာတယ်လို့ ဆိုပါတယ်။
ကုန်သည်တယောက်က “တနိုင်တပိုင်တောင်မရဘူး၊ ကာဂိုတွေဆို ပိုဆိုးမှာ။ အဲဒီဂိတ်တွေအပြင် ညောင်ခါးရှည်နဲ့ ဘုရားကြီးမှာလည်း ဂိတ်ရှိသေးတယ်။ အကုန်လိုက်ပိတ်နေတာ။ ထိုင်းကုန်စည် မြင်လို့တောင်မရတဲ့ အခြေအနေ” လို့ ပြောပါတယ်။
စစ်တပ်ဟာ မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ၂၀၂၆ ခုနှစ် မေလကုန်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ သွင်းကုန်ပါမစ် ကန့်သတ်ချက်တွေနဲ့ မူဝါဒတင်းကျပ်မှုတွေကြောင့် ကုန်ကားတွေ ပုံမှန်အတိုင်း သွားလာလို့မရဘဲ ပိတ်မိနေဆဲဖြစ်သလို စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို အကန့်အသတ်နဲ့ပဲ ပေးဝင်နေတာ ဖြစ်ပါတယ်။
ဒီအပြင် တာချီလိတ်-မယ်ဆိုင်မှာလည်း စစ်ဆေးမှုတွေ တင်းကျပ်ထားပြီး တရားဝင် ပါမစ်မပါတဲ့ ထိုင်းကုန်ပစ္စည်းတွေကို လုံးဝပေးမဖြတ်ဘဲ သိမ်းဆည်းသလို ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကိုလည်း လူသုံးကုန်ပစ္စည်းတွေ တင်သွင်းမှုကို အကန့်အသတ်တွေနဲ့ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာလည်း စစ်တပ်ဟာ အထူးအမိန့်နဲ့ စတိုးဆိုင်တွေ၊ ကုန်ပဒေသာဆိုင်တွေနဲ့ လက်ကားဒိုင်ကြီးတွေအထိ စစ်ဆေးရေးအဖွဲ့တွေကို ဆင်းပြီး လိုင်စင်မဲ့ ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီး သိမ်းဆည်းတာကြောင့် ကုန်သည်တွေနဲ့ ဆိုင်ပိုင်ရှင်တွေဟာ ထိုင်းကုန်ပစ္စည်းတွေကို ဆိုင်တင်မရောင်းရဲတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။











