
ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဇွန် ၂၉ ရက်မှာ လှောင်ပြောင် လိုက်ပြီး ကရင်မလင်အစိုးရဟာ ၄ နှစ်ကျော်ကာလအတွင်း ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ဖို့အတွက် သတ်မှတ်ရက်တွေကို ၁၅ ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရတယ်လို့ ပြောဆိုခဲ့ ပါတယ်။
ဇလန်းစကီးရဲ့ ဒီမှတ်ချက်ဟာ အဝေးပစ်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ တိုက်ပွဲတွေကို လျှော့ချဖို့ ယူကရိန်းဘက်က အဆိုပြုကမ်းလှမ်းချက်ကို အရင်တနေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်က ငြင်းပယ်ခဲ့တဲ့အပေါ် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ယူကရိန်းက ရုရှားရဲ့ ရေနံလုပ်ငန်းပစ်မှတ်တွေကို အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် ရုရှားပြည်သူတွေ စက်သုံးဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းနေရတဲ့ ဒုက္ခတွေကို ပူတင်က သတိ မထားမိဘဲ လက်တွေ့ဘဝနဲ့ ကင်းကွာနေတယ်ဆိုတာကို သူ့ရဲ့ပြောစကားတွေက သက်သေပြ နေတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
“ရုရှားကို ‘ဓာတ်ဆီဆိုင်ကြီး’ လို့ ခေါ်လေ့ခေါ်ထရှိတဲ့ ရေနံထုတ်လုပ်တဲ့ နိုင်ငံတခုဟာ အခုဆို စက်သုံးဆီ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီ” လို့ ဇလန်းစကီးက သူ့ရဲ့ ညစဉ်ဗီဒီယိုမိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။
ဒါက စစ်ပွဲရဲ့ တိုက်ရိုက်အကျိုးဆက်ဖြစ်ပြီး အကျိုးဆက်တွေ အများကြီးထဲက တခုဖြစ်ကြောင်းနဲ့ ဒါဟာ ယူကရိန်းက အကြမ်းဖက်နည်းလမ်းနဲ့မဟုတ်ဘဲ တိတိကျကျ ဘယ်လိုတုံ့ပြန်တယ်ဆိုတဲ့ သာဓကတခုလည်း ဖြစ်ပါတယ်လို့ ဇလန်းစကီးက ပြောဆိုပါတယ်။
ကရင်မလင်ဟာ ၄ နှစ်တာကာလအတွင်း ယူကရိန်းအရှေ့ပိုင်းက ဒေသ ၄ ခုဖြစ်တဲ့ ဒွန်ဘတ်စ်က ဒိုးနက်စ်နဲ့ လူဟန့်စ်၊ ပြီးတော့ ဇာပိုရစ်ချ်ဇီးယားနဲ့ ခါဆွန်ကို သိမ်းပိုက်ဖို့ သတ်မှတ်ရက် ၁၅ ကြိမ် အထိ ချမှတ်ခဲ့ပြီး နောက်ပိုင်းမှာ ပြန်ရွှေ့ခဲ့ရတဲ့ အကြောင်းကိုလည်း ဇလန်းစကီးက အကျယ်တဝံ့ ရှင်းပြခဲ့ပါတယ်။
“ရုရှားနိုင်ငံရေးခေါင်းဆောင်ပိုင်းကတော့ ဒွန်းဘတ်စ်ကို သိမ်းဖို့ပဲ စွဲလမ်းနေတုန်းပါပဲ။ ရုရှားအနေနဲ့ စစ်ပွဲကို မရပ်တန့်ဘူးဆိုရင် အဲဒီသတ်မှတ်ရက်ကို နောက်ထပ်တကြိမ် ထပ်ရွှေ့ရဦးမှာပါပဲ” လို့ သူက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ပထမပတ်တွေတုန်းက ရုရှားတပ်ဖွဲ့တွေဟာ မြို့တော်ကိယက်ဗ်ကို ဦးတည်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။
ဒါပေမဲ့ မအောင်မြင်တဲ့အခါမှာ တပ်ဆုတ်သွားခဲ့ပြီး ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ဖို့ပဲ အာရုံစိုက်ခဲ့ ကြတာပါ။
ရုရှားဟာ လူဟန့်စ်ဒေသတခုလုံးနဲ့ ဒိုးနက်စ်၊ ဇာပိုရစ်ချ်ဇီးယားဒေသတွေရဲ့ အစိတ်အပိုင်း အတော်များများကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
မော်စကိုတပ်ဖွဲ့တွေဟာ ဒိုးနက်စ်ဒေသကနေတဆင့် အနောက်ဘက်ဆီကို တဖြည်းဖြည်း ချဉ်းကပ် လာနေပေမဲ့လည်း ယူကရိန်းဘက်က အလတ်စားနဲ့ ရေရှည် ဒရုန်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတာကြောင့် ရုရှားရဲ့အရှိန်ဟာ သိသိသာသာ နှေးကွေးသွားပြီလို့ ယူကရိန်း တာဝန်ရှိ သူတွေက ပြောပါတယ်။
Source:Reuters










