
မြန်မာနိုင်ငံတဝန်းမှာ ရှိကြတဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသူတွေအပေါ် ထောင်အာဏာပိုင်တွေက ဖိနှိပ်တာတွေ ပိုလုပ်လာနေတယ်လို့ နိုင်ငံရေးအကျဉ်းသူတွေကို ကူညီနေတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတွေက ပြောပါတယ်။
ထောင်အာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသူတွေအပေါ် ခွဲခြားဆက်ဆံတာတွေအပြင် အခြေခံလူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေးတွေကိုပါ ပိတ်ပင်ထားကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ပြောပါတယ်။
WOPP ပြန်ကြားရေးတာဝန်ခံ မစုမြတ်က “အမျိုးသမီးဆောင်တွေမှာဆိုရင် နိုင်ငံရေး အကျဉ်းသူတွေကို အတင်းအဓမ္မ အလုပ်တွေခိုင်းတာ၊ ဆေးဝါးကုသခွင့် မပေးတာတွေ၊ ဆေးဝါးစောင့်ရှောက်မှု အပြည့်အဝ မရတာတွေအပြင် မိသားစုကနေ ပေးပို့တဲ့ အစားအသောက်တွေကို အပြည့်အဝ မရရှိတာ၊ ထောင်ဝင်စာကို စာရေးသားဆက်သွယ်ခွင့် ပိတ်ပင်ခံရတာတွေအထိ ရှိပါတယ်။ တချို့ နိုင်ငံရေးအကျဉ်းသူတွေဆိုရင် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ခံရတာတွေအထိ ရှိနေတယ်လို့ သိရပါတယ်။ ဒီလပိုင်းတွေအတွင်းမှာ ပိုပြီးတော့ ဆိုးလာတာ တွေ့ရပါတယ်။ အကျဉ်းထောင်တွေအတွင်းမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အလေးထား စောင့်ကြည့်ပြီးတော့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့အတွက် တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
ထောင်တွင်းမှာ လက်ရှိ ဖိနှိပ်ခံရမှု အသေးစိတ် စုံစမ်းစိစစ်နေပြီး အချက်အလက်တွေကို အဖွဲ့အစည်းအနေနဲ့ လုံခြုံရေးအရ အချိန်ယူ စောင့်ကြည့် ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ထောင်တွင်းက နိုင်ငံရေးအကျဉ်းသူတွေအပေါ် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ တာဝန်ရှိ ထောင်ဝန်ထမ်းတွေကိုလည်း အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသူဟောင်းတယောက်ကလည်း ထောင်တွင်းမှာ ရှိစဉ်က ဆေးဝါးကုသခွင့်တွေနဲ့ ပတ်သက်တဲ့ ခွဲခြားဆက်ဆံမှုတွေအကြောင်း DVB ကို ပြန်ပြောပြပါတယ်။
“တခြားအမှုတွေကျတော့ pass ပေးတယ်၊ ဒီ နိုင်ငံရေးအကျဉ်းသူတွေ နိုင်ငံရေးအကျဉ်းသားတွေ ကျတော့ ကန့်သတ်တာမျိုးတွေ ရှိတယ်ပေါ့နော်။ ဆေးမပေးသွင်းတဲ့ ကိစ္စတွေ၊ ဆေးဝါး လုံလုံလောက်လောက်မရတဲ့ ကိစ္စတွေကကျတော့ ညီမတို့ရဲ့ သူငယ်ချင်း ဝတ်ရည်အောင်လည်း ကိုယ်တိုင် ကြုံခဲ့ရတာဆိုတဲ့အခါကျတော့ အဲဒါကတော့ အထူးတလည် အများကြီးပြောဖို့ မလိုဘူးပေါ့နော်။ သူတို့အနေနဲ့ ဒီ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားတွေအပေါ်မှာ ကျန်းမာရေးနဲ့ ပတ်သက်လို့ရှိရင် အရမ်းကို ဆိုးရွားတဲ့ ချိုးဖောက်မှုတွေ ရှိတယ်။ အသိ အစ်မတယောက် ဆိုလို့ရှိရင် သူ ထောင်ထဲမှာတုန်းက သူ့ရဲ့ ကင်ဆာပေါ့နော်၊ အဲဒီကင်ဆာက Stage 1 အနေနဲ့ သိပြီးတော့ ဆေးကုပေးတယ်ပေါ့။ ဒါပေမဲ့ ပြန်လွှတ်တဲ့အချိန်မှာ Cancer Stage 3 ဖြစ်နေပြီပေါ့။ သူတို့အနေနဲ့က နိုင်ကျဉ်းဆိုလို့ရှိရင် သူတို့ရဲ့ရန်သူလို သဘောထားတာပေါ့နော်။”
လက်ရှိ နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၂၀,၀၀၀ ကျော် ကျန်ရှိနေပြီး အဲဒီအထဲ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၅,၀၀၀ ကျော် ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဒါ့အပြင် DVB ရဲ့ အချက်အလက်တွေအရ အကျဉ်းထောင်တွေထဲ ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီး ၂၅ ယောက် ကျဆုံးခဲ့ပါတယ်။










