
ပါကစ္စတန်နယ်စပ်မြို့ ကျာမန်နားက ရွာတွေက ဒေသခံတွေဟာ အာဖဂန်နစ္စတန်နိုင်ငံထဲကနေ ရက်ပေါင်းများစွာ နယ်စပ်ဖြတ်ကျော်ပြီး အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် ဧပြီ ၂၈ ရက်မှာ ပျက်စီးနေတဲ့ အိမ်တွေကို စစ်ဆေးကြည့်ရှုပြီး အဲဒီဒေသကနေ ထွက်ပြေးခဲ့ကြပါတယ်။
ကျာမန်နယ်စပ်ဒေသမှာ ပါကစ္စတန်လုံခြုံရေးတပ်နဲ့ အာဖဂန် တာလီဘန်တပ်ဖွဲ့တွေကြား အပြင်းအထန် ပစ်ခတ်ခဲ့လို့ ပါကစ္စတန်စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ပါကစ္စတန် အကြီးတန်း လုံခြုံရေးအရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ထိပ်တိုက်တွေ့မှုတွေက ဧပြီ ၂၆ ရက်မှာ စခဲ့တာလို့ အရာရှိက ထပ်ပြောပါတယ်။ လူတွေအိပ်နေချိန် မနက် ၄ နာရီ ၁၅ မိနစ်မှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး လူငယ် ၂ ယောက် အပျက်အစီးတွေအောက်မှာ မြုပ်သွားခဲ့တယ်လို့ ဒေသခံ နူးရ် မိုဟာမဒ်က ပြောပါတယ်။
သူတို့ ၂ ယောက်ထဲက တယောက်ကို ကတ်တာမြို့ဆီ ခေါ်သွားပြီးတဲ့နောက် သေဆုံးခဲ့ပြီး အငြင်းပွားမှုကို ဖြေရှင်းဖို့ အစိုးရနှစ်ရပ်စလုံးကို တောင်းဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ရက်ပေါင်းများစွာ ပစ်ခတ်မှုတွေ ဖြစ်အပြီး ရွာတရွာလုံး လူသူကင်းမဲ့သွားတယ်လို့ နောက်ထပ်ဒေသခံတယောက်ဖြစ်တဲ့ နိုင်မတ် အူလာက ပြောပါတယ်။
ပါကစ္စတန်ကနေ မော်တာတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၄ ယောက် သေဆုံးပြီး အယောက် ၇၀ ဒဏ်ရာရခဲ့တယ်လို့ အာဖဂန် တာလီဘန်တွေက ဧပြီ ၂၇ ရက်မှာ ပြောပါတယ်။
ပါကစ္စတန်က စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ နယ်စပ်တလျှောက် တင်းမာမှုတွေက နှစ်ပေါင်းများစွာ တည်ရှိခဲ့တာပါ။
ဖေဖော်ဝါရီလမှာ ပါကစ္စတန်က အာဖဂန်နစ္စတန် နိုင်ငံအတွင်းထဲကို လေကြောင်းကနေ တိုက်ခိုက်ရင်း နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ကဘူးလ်မြို့က အာဖဂန် တာလီဘန် အစိုးရက ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။ ကျာမန်နယ်စပ်ဂိတ်ဟာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်အကြား အဓိကကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေထဲက တခုဖြစ်ပြီး နှစ်နိုင်ငံအကြား လုံခြုံရေးပြဿနာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
Source: Reuters











