DVB Logo
Home
မြန်မာသတင်း
ပုလောတွင် ကွမ်းသီးဈေးနှိမ်ခံရမှုနှင့် ကုန်ဈေးနှုန်းဒဏ်ကြောင့် ဒေသခံများ စားဝတ်နေရေး ခက်ခဲ
DVB
·
May 11, 2026
Photo : DVB
Photo : DVB
Donate to DVB

ပုလောမြို့နယ်မှာ အဓိကစီးပွားရေးဖြစ်တဲ့ ကွမ်းသီးလုပ်ငန်းဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ဈေးနှုန်းနှိမ်ခံရမှုတွေကြောင့် ခြံပိုင်ရှင်တွေ အရှုံးနဲ့ရင်ဆိုင်နေရပြီး အခြေခံလုပ်သားတွေမှာလည်း ကုန်ဈေးနှုန်းဒဏ်ကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

ကွမ်းသီးရာသီကုန်ဆုံးခါနီးဖြစ်တဲ့ ဧပြီလမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာမှုက ခြံပိုင်ရှင်တွေအတွက် ကြီးမားတဲ့ အခက်အခဲဖြစ်လာပါတယ်။

ကုန်သည်တွေကလည်း ဆီဈေးတက်မှုနဲ့ သယ်ယူပို့ဆောင်ရေး ခက်ခဲတာတွေကို အကြောင်းပြကာ ကွမ်းသီးဈေးကို သိသိသာသာနှိမ်ပြီး ဝယ်ယူနေကြတယ်လို့ ခြံပိုင်ရှင်တွေက ပြောပါတယ်။

မတ်လက ကွမ်းသီးခြောက် တပိဿာဈေးနှုန်း ကျပ် ၁၅,၀၀၀ ဝန်းကျင်ရှိခဲ့ရာ ဧပြီလကစပြီး ကျပ် ၉၀,၀၀၀အထိ ဈေးကျလာတယ်လို့ ခြံပိုင်ရှင်တွေက ပြောပါတယ်။

အခုလို ကွမ်းသီးဈေးကျလာတဲ့နဲ့ပတ်သက်ပြီး ခြံပိုင်ရှင်တယောက်က “နိုင်ငံရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ဖြစ်နိုင်သလို ကုန်သည်တွေဘက်ကလည်း ဆီဈေးတက်မှုကို အကြောင်းပြပြီး အခုလို ဈေးကျလာတယ်လို့ ကျနော်သုံးသပ်တယ်။ ကွမ်းသီးမှာ အရှုံးပေါ်တဲ့အတွက် လာမယ့်ရာသီပေါ် အသီးအနှံတွေအပေါ်မှာ မှီခိုပြီး အခက်အခဲကို ဖြေရှင်းနေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကွမ်းသီးအချောသတ်ထုတ်လုပ်ရာမှာ ပါဝင်တဲ့ ကွမ်းသီးထု (အခွံနွှာ) လုပ်သားတွေမှာ တရက် လုပ်အားခ ကျပ် ၂၅,၀၀၀ မှ ၃၀,၀၀၀ ဝန်းကျင်အထိရှိပေမဲ့ ဘဝရပ်တည်းရေးအတွက် ခက်ခဲနေဆဲဖြစ်ပါတယ်။

ဒေသအတွင်း ဆန်ကြမ်း ၁၀ ပြည်အိတ်တအိတ် ကျပ် ၃၈,၀၀၀ နဲ့ ဆီတလီတာ တဘူး ကျပ် ၁၀,၀၀၀ ဝန်းကျင်ခန့်ရှိပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်တာကြောင့် လူမှုစီးပွားဘဝ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ကွမ်းသီးထုလုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ အမျိုးသမီးတယောက် “လောက်တော့လောက်ငမှုမရှိဘူး။ အိမ်မှာလည်း အိမ်ထောင်ဦးစီး ကျန်းမာရေးမကောင်းတာက တနှစ်လောက် ရှိနေပြီ။ ကိုယ်က အခလုပ်စားသမားဆိုတော့ အဆင်တော့မပြေဘူး။ ချွေတာပြီးတော့ ဖြေရှင်းနေရပါတယ်။ ချေးတန်ချေး၊ ငှားတန်ငှား ဒီလိုမျိုးပဲ ရှာဖွေပြီး လည်ပတ်နေရတယ်“ လို့ ပြောပါတယ်။

ပုလောမြို့နယ်မှာ ဒေသခံတွေက ကွမ်းသီး၊ ရာဘာနဲ့ ရာသီပေါ်အသီးအနှံတွေဖြစ်တဲ့ ဒူးရင်းသီး စတဲ့ ဥယျာဥ်ခြံလုပ်ငန်းတွေကို အများဆုံးလုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013