DVB Logo
Home
ဆောင်းပါး
မင်းအောင်လှိုင်၏ ၁၅ နှစ်တာ
လှစိုးဝေ
·
March 20, 2026
မင်းအောင်လှိုင်၏ ၁၅ နှစ်တာ
Donate to DVB

မင်းအောင်လှိုင်သည် ၎င်း ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့သည့် ၁၅ နှစ်တာကာလ ပြန်လည်သုံးသပ်မှု တနည်းအားဖြင့် ကိုယ်ရည်သွေးမှုအခမ်းအနားကို ‌မကြာမီက ပြုလုပ်ခဲ့သည်။ ထို့အတွက် အမည်ခံအစိုးရအဖွဲ့၏ သမ္မတ ဖြစ်လာနိုင်ခြေ ရှိသည်ဟူသော ခန့်မှန်းချက်များက သေချာသလောက် ရှိလာခဲ့သည်။

ထိုအစည်းအဝေးတွင် ကြည်း၊ ရေ၊ လေ အတွက် လိုအပ်သည့် လူအင်အား၊ လက်နက်ဖွဲ့စည်းမှု အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့မှုများ၊ စစ်ရေယာဉ်တည်ဆောက်ခြင်း၊ ဝယ်ယူဖြည့်တင်းခြင်း၊ ခေတ်မီလေယာဉ်၊ ရဟတ်ယာဉ်များ ရရှိပြီး အဆင်မြင့် ရေတပ်၊ လေတပ် ဖြစ်အောင် ဆောင်ရွက်ပေးခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့သည်။

သို့သော် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ လက်လွှတ်ခဲ့ရမှု၊ ရေတပ်စခန်းနှင့် လေယာဉ်ကွင်းတို့ အသိမ်းခံရမှု၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူများအထိ အဖမ်းခံခဲ့ရမှုများကိုမူ ထည့်သွင်းပြောဆိုခြင်းမရှိဟု ဧရာဝတီက ရေးသားထားခဲ့သည်။

မင်းအောင်လှိုင်၏ သက်တမ်းတလျှောက် အထင်ရှားဆုံးနှင့် အငြင်းပွားဖွယ်ရာအဖြစ်ဆုံး အချက်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရထံမှ အာဏာကို သိမ်းယူလိုက်ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု စွပ်စွဲကာ အာဏာသိမ်းခဲ့ခြင်းသည် တိုင်းပြည်အား ကျွမ်းထိုးမှောက်ခုံဖြစ်‌အောင် သွက်သွက်ခါသွားစေခဲ့သည့် သမိုင်းတွင် နာမည်ဆိုးဖြင့် တွင်ကျန်ရစ်မည့် အပြောင်းအလဲကြီးတခု ဖြစ်လာခဲ့သည်။

နောက်ထပ် နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု အမည်တပ်ခံရတော့မည့် ရိုဟင်ဂျာ အရေးအခင်းကြီးအား ၎င်းတဦးတည်း ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။ ၎င်း၏ လက်ချက်ဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် ကမ္ဘာအကြီးဆုံး ဒုက္ခသည်စခန်းကြီး ပေါ်ပေါက်လာခဲ့ရပေသည်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင်လည်း လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံ ရင်ဆိုင်ရသည်အထိ ဖြစ်လာခဲ့သည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ NCA ကို လက်မှတ်ရေးထိုးသည့် အဖွဲ့များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည့်အပြင် တိုင်းရင်းသားဒေသများတွင် စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ ပို၍ပင် ထင်တိုင်းကြဲလာခဲ့ပြီး လက်မှတ်ရေးထိုးထားပြီးသော အဖွဲ့များပင် ပြန်၍ နုတ်ထွက်သွားခဲ့ရသည်။

အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ခံခဲ့ရပြီး ၎င်းကိုယ်တိုင် သဘောတူပါသည်ဆို‌‌သော အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မည်ဆိုသော ကတိ ဖောက်ဖျက်ခဲ့သဖြင့် နိုင်ငံတကာတွင် သံတမန်ရေးအရ အထီးကျန်မှုများနှင့် ရင်ဆိုင်နေရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ ခုခံစစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိုးစစ်များကြောင့် စစ်တပ်အနေဖြင့် စစ်ရေးအရ အကြီးမားဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

စစ်စခန်းများစွာ လက်လွှတ်ဆုံးရှုံးရခြင်းနှင့် နယ်မြေထိန်းချုပ်မှု ကျဆင်းလာခြင်းမှာ ၎င်း၏ ၁၅ နှစ်တာ ကာလအတွင်း အကြီးမားဆုံးသော စစ်ရေးအရ ကျဆုံးမှုဟု ဆိုနိုင်သည်။ စစ်တပ်သည် “နိုင်ငံကို ကာကွယ်စောင့်ရှောက်သော အဖွဲ့အစည်း” ဟူသည့် ပုံရိပ်မှ “နိုင်ငံရေးတွင် အာဏာရူးသွပ်ပြီး နိုင်ငံကို ပြိုကွဲစေသည့် အဖွဲ့အစည်း” ဟု ပြည်သူလူထုက ရှုမြင်လာခြင်း ခံခဲ့ရသည်။ စစ်ရေးအရလည်း အစဉ်အလာ မရှိခဲ့ဘူးသော အရှက်တကွဲ ရှုံးနိမ့်မှုများကို ကြုံတွေ့နေရခြင်းသည် စစ်တပ်၏သမိုင်းတွင် အမှောင်မိုက်ဆုံးကာလအဖြစ် ရောက်ရှိသွားခဲ့ရသည်။

ခေတ်မီဆန်းပြားသည့် PDF များ၏ မြို့ပြပြောက်ကျားစစ်နှင့် တိုင်းရင်းသားတပ်ဖွဲ့များ၏ ပူးတွဲ ညှိနှိုင်းတိုက်ခိုက်လာမှုကို ၎င်းတို့၏ ရိုးရာစစ်နည်းဗျူဟာဖြင့် မတားဆီးနိုင်ခဲ့ပေ။ ထို့အတွက် လေကြောင်းတိုက်ခိုက်မှုများကိုသာ ပိုမိုအားပြုလာရပြီး အရပ်သားများကို ထိခိုက်မှု များပြားလာရ၍ နိုင်ငံတကာ၏ ပိုမိုပြင်းထန်သော ကန့်ကွက်မှုများနှင့် ဥပဒေကြောင်းအရ အရေးယူမှုများဆီသို့ ဦးတည်‌သွားနေသည်။

၎င်း၏သက်တမ်းအတွင်း မြန်မာ-တရုတ်နယ်စပ် (ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်) နှင့် မြန်မာ-ထိုင်းနယ်စပ် (ကရင်ပြည်နယ်၊ မြဝတီ) တို့တွင် ကျားဖြန့်ဂိုဏ်းများ မှိုလိုပေါက်ကာ  အခြေစိုက်လှုပ်ရှားလာမှုကို မသိချင်ယောင်ဆောင်နေခဲ့၍ မြန်မာနိုင်ငံကို “ရာဇဝတ်မှု ကျူးလွန်ရာနယ်မြေ” အဖြစ် နိုင်ငံတကာက သတ်မှတ်လာစေပြီး နိုင်ငံ၏ပုံရိပ်ကို အကြီးအကျယ် ပျက်စီးစေခဲ့သည်။

စီးပွားရေးတွင်လည်း လူသန်းပေါင်းများစွာကို ဆင်းရဲနွမ်းပါးသည့်အဖြစ် ရောက်အောင် ‌စီမံခဲ့သူ ဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှင့် ငွေတန်ဖိုးကျဆင်းခြင်း၊ ဘဏ်လုပ်ငန်းစနစ်အပေါ် ယုံကြည်မှု ပျက်ပြားသွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာခြင်း၊ လျှပ်စစ်ဓာတ်အား အလုံအလောက် မရတော့၍ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း၊ အကျင့်ပျက်ခြစားမှုများ မှိုလိုပေါက်လာခြင်း၊ လူငယ်လူရွယ်များ အလုပ်အကိုင်ရှားပါးမှုကြောင့် နိုင်ငံရပ်ခြားသို့ အလုံးအရင်းဖြင့် ထွက်ခွာခြင်း တို့ကြောင့် ဦးနှောက်ယိုစီးမှု ဖြစ်ပေါ်ခဲ့သည်။ ကျန်ရှိနေသည့် လူငယ်များအားလည်း အတင်းအဓမ္မ စစ်မြေပြင်သို့ တွန်းပို့ခဲ့ပြန်သည်။

၎င်း၏ အတုအယောင် ရွေးကောက်ပွဲသည်လည်း မျှော်လင့်ထားသလို နိုင်ငံတကာ၏ တရားဝင်မှုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိ။ လူမသုံးတော့သည့် ကုန်ပစ္စည်းတခုကို တံဆိပ်အသစ် ပြန်ကပ်ကာ ဈေးကွက်ထဲ သွင်းလာခြင်းမျိုးသာ ဖြစ်သည်။

ရှုံးနိမ့်သွားသော ပါတီများသည်လည်း ၂၀၂၀ ရွေးကောက်ပွဲတုန်းကကဲ့သို့ ၎င်းထံသွားပြီး နတ်သံနှော၍ ငိုချင်းချ၍ မရတော့၊ တိုးတိုးကြိတ်ကြိတ် ဝေဖန်နေသည်ကိုပင် ၂၀၂၃ ကတည်းက ပေးထားသော အခွင့်အရေးကို အသုံးမချတတ်၍ ရှုံးနိမ့်ရသည့် ကိုယ့်အားနည်းချက်ကို ကိုယ်မသိသူများဟုပင် ပြစ်တင်ပြောဆိုလိုက်ပြန်သည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် (UEC) က သတ်မှတ်ထားသော တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများကြောင့် မဲဆွယ်စည်းရုံးရေးကာလအတွင်း အခက်အခဲများ ကြုံတွေ့ခဲ့ရမှုနှင့် အလားအလာရှိသည့် ပါတီများကို ဖယ်ထုတ်ခဲ့သည်များကိုတော့ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။

၎င်း၏ ကာကွယ်ရေးဦးစီးချုပ် သက်တမ်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ရပ်တန့်စေခဲ့ပြီး ပြည်တွင်းစစ်မီးကို ပြန်လည်လောင်ကျွမ်းစေကာ နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေခဲ့သည့် ကာလတခုဟု သမိုင်းပညာရှင်များနှင့် နိုင်ငံရေးလေ့လာသူများက တညီတညွတ်တည်း သုံးသပ်ထားပြီး ဖြစ်သည်။

ထိုသို့သော အနေအထားများက ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေသည့် အခြေအနေတွင် ၁၅ နှစ်တာ ကာလအတွင်း အောင်မြင်ခဲ့မှုများဆိုကာ အစည်းအဝေးပင် ခေါ်ပြီး လူထုရှေ့ ချပြရဲသည်ကို ကြည့်မည်ဆိုက မျက်နှာပြောင်ရဲသည့် နေရာတွင် နည်းနည်းနောနော သတ္တိမဟုတ်ဟု ဆိုရမည်သာ ဖြစ်သည်။

မြန်မာပြည်သူများ၏ ကံကြမ္မာကား ထိုကဲ့သို့ မထင်မရှားဘဝမှ တက်လာသည့် ပုဂ္ဂိုလ်မျိုးက လက်နက်အားကိုးဖြင့် အကျအနစီမံကာ သမ္မတ တက်လုပ်ပြီး နတ်ရူး မှော်ရူးများ၏ အကြံဉာဏ်ဖြင့် ငါ့မင်း ငါ့ချင်း အုပ်ချုပ်ခံရတော့မည့်အဖြစ်နှင့် ကြုံလာကြရပေတော့မည်။

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013