
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ ၅ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင် ၃၅ ခုမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၈၂ ယောက်အထိ သေဆုံးခဲ့ရကြောင်း Myanmar Prisons Witness (MPW) ရဲ့ မြေပြင်စာရင်းကောက်ယူချက်တွေအရ သိရပါတယ်။
အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ အကျဉ်းထောင်တွင်း ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိလို့ သေဆုံးခဲ့ရသူ ၁၄၈ ယောက်နဲ့ အများဆုံးဖြစ်ပြီး၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရသူ ၇၁ ယောက်၊ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ စစ်အာဏာရှင်ရဲ့ သေဒဏ်ပေးမှုကို ခံခဲ့ရသူ ၄ ယောက် အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် မေလတလတည်းမှာတင် ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ယောက် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိဘဲ သေဆုံးခဲ့ရပါတယ်။
သေဆုံးသူတွေဟာ အသက် ၄၉ နှစ်အရွယ် ဦးဌေးအောင်နိုင်နဲ့ အသက် ၅၃ နှစ်အရွယ် ဦးမြင့်နိုင်(ခ)ဦးမြင့်စိုးတို့ ဖြစ်ကြပါတယ်။
ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတဲ့ ဦးဌေးအောင်နိုင်ဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတဲ့ ဦးမြင့်နိုင်ကတော့ ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
MPW အဖွဲ့အနေနဲ့ ဒီစာရင်းတွေကို မြေပြင်သတင်းအချက်အလက်တွေအပေါ် မူတည်ပြီး စနစ်တကျ ရယူထားတယ်လို့ ဆိုပါတယ်။










