
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အရပ်ဘက် ပုသိမ်လေယာဉ်ကွင်းကို စစ်အာဏာရှင်က စစ်ဘက်သုံး လေယာဉ်တွေထားရှိဖို့အတွက် တိုးချဲ့အဆင့်မြှင့်တင်နေပြီး၊ လေယာဉ်ထားမဲ့ ဂိုဒေါင်တွေပါ တည်ဆောက်နေတယ်လို့ ပုသိမ်အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အနောက်တောင်တိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ ပုသိမ်မြို့က ပုသိမ်လေယာဉ်ကွင်းကို ဇူလိုင် ပထမအပတ်ကစတင်ပြီး ၄ လမ်းသွား ပြေးလမ်းအဖြစ် အကြီးစားတိုးချဲ့ အဆင့်မြှင့်တင်နေတာဖြစ်ပြီး၊ စစ်ဘက်သုံး ဂျက်တိုက်လေယာဉ်တွေထားဖို့ လေယာဉ်ဂိုဒေါင် ၁၀ လုံးကိုပါ တဆက်တည်း ဆောက်လုပ်နေတာလို့ ဆိုပါတယ်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတယောက်က “အဓိကလေယာဉ်ကွင်းကို အဆင့်မြှင့်တင်နေတာက စစ်ရေးအတွက် အသုံးပြုဖို့ပါ။ လက်ရှိ ပုသိမ်လေဆိပ်ရဲ့ မြောက်ဘက်ခြမ်း ပြေးလမ်းနဲ့ တောင်ဘက်ခြမ်းပြေးလမ်းတွေကို အဆင့်မြှင့်တင်နေတယ်။ ၄ လမ်းသွားအဖြစ် တိုးချဲ့နေတာ” လို့ ပြောပါတယ်။
ပုသိမ်အရပ်ဘက် လေယာဉ်ကွင်းမှာ စစ်ဆင်ရေးအတွက် အဓိကအသုံးပြုနေတဲ့ JF-17၊ K-8W၊ PC-9 နဲ့ A-5၊ G-4 စတဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေ ထားရှိဖို့အတွက် အမိုးအကာတွေပါတဲ့ လေယာဉ်ဂိုဒေါင် ၁၀ လုံးကိုပါ စစ်အာဏာရှင်က ထည့်သွင်းတိုးချဲ့ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “လေယာဉ်ကွင်း အဆင့်မြှင့်တာက စစ်တပ်အနေနဲ့ မြစ်ဝကျွန်းပေါ် စစ်ရေးကို လေယာဉ်တွေ အဓိကအသုံးပြုပြီး ခုခံကာကွယ်ဖို့ လုပ်နေတာ။ လေယာဉ်နဲ့တိုက်မှ စစ်တိုက်တတ်တဲ့ စစ်တပ်လေ" လို့ ပြောပါတယ်။
ပုသိမ်အရပ်ဘက် လေယာဉ်ကွင်းတိုးချဲ့တဲ့ လုပ်ငန်းကို အမြန်ဆုံးပြီးစီးအောင် လုပ်ဆောင်ဖို့ စစ်အာဏာရှင် မင်းအောင်လှိုင်က လမ်းညွှန်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်က ဧရာဝတီတိုင်းနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အရပ်ဘက် လေယာဉ်ကွင်းကိုလည်း အဆင့်မြှင့်တင်ဖို့ လမ်းညွှန်ထားတယ်လို့ သိရပါတယ်။










