
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ စစ်အာဏာရှင်တပ်ရဲ့ ရွှေမြင်တင် အမှတ် (၆) လေ့ကျင့်ရေးတပ်မှာ အဓမ္မ ပေါ်တာဆွဲခံထားရတဲ့ လူငယ် ၃ ယောက် ထွက်ပြေးသွားတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၅ ရက် ညနေပိုင်းမှာ စစ်မှုထမ်းတပ်သားအဖြစ် အဓမ္မပေါ်တာဆွဲခံထားရတဲ့ လူငယ် ၃ ယောက်ဟာ ပုသိမ်မြို့၊ မြတ်တိုကျေးရွာအနီးရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ ရွှေမြင်တင် စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် (၆) ကနေ ထွက်ပြေးသွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “လူငယ် ၃ ယောက်ဟာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲခံထားရသူတွေပါ။ မနေ့က ညနေပိုင်းမှာ လေ့ကျင့်ရေးတပ်ကနေ ထွက်ပြေးသွားတာ” လို့ ပြောပါတယ်။
အဓမ္မပေါ်တာဆွဲခံထားရတဲ့ လူငယ်တွေဟာ ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေကနေ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်တွေက အတင်းအကျပ် ဖိအားပေး စုဆောင်းခေါ်ယူပြီး ပုသိမ်မြို့က စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် (၆) ကို ပို့ဆောင်ထားသူတွေလို့ သိရပါတယ်။
စစ်တပ်နဲ့ နီးစပ်တဲ့ မြို့ခံတယောက်က “အခုထွက်ပြေးသွားတဲ့ လူငယ်တွေက အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်တွေက ဖမ်းဆီးပို့ဆောင်ထားသူတွေပါ။ သာပေါင်းက ၂ ယောက်နဲ့ ရေကြည်က ၁ ယောက်ပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေဟာ အရပ်သားလူငယ်တွေကို ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး အဓမ္မပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းကာ ပုသိမ်မြို့က စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် (၆) မှာ ရက်တိုသင်တန်းပေးပြီး အရှေ့တန်းကို စေလွှတ်နေတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။











