ဂါနာနိုင်ငံ မြို့တော် အက်ကရာ အပါအဝင် ဒေသအများအပြားမှာ မိုးသည်းထန်စွာရွာပြီး ရေကြီးလို့ အနည်းဆုံး လူ ၁၂ ယောက် သေဆုံးပြီး ၇ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အက်ကရာမြို့မှာ တရက်တည်းတင် မိုးရေချိန် ၁၆၉ မီလီမီတာအထိ စံချိန်တင် ရွာသွန်းခဲ့ပြီး ဒါဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း နိုင်ငံမှာ စတုတ္ထမြောက် မိုးအများဆုံးရွာသွန်းခဲ့တာလည်း ဖြစ်ပါတယ်။
မြို့တော်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်မြုပ်ခဲ့တာကြောင့် ရေဘေးသင့်သူ ၃၈,၈၀၀ ကျော် ရှိနေပြီး အိမ်ထောင်စု ၇,၇၆၁ စု အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီး မိုဟာမက် မူဘာရက် မွန်တာကာက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ဝန်ကြီးက သူ ဘဏ္ဍာရေးကော်မတီ အစည်းအဝေး တက်နေရလို့ မွန်းလွဲပိုင်း နောက်ဆုံးရစာရင်း မသိရသေးကြောင်း၊ ပျောက်ဆုံးသူ ၇ ယောက်ဆိုတာ ဒီနေ့မနက်ပိုင်းအထိ စာရင်းဖြစ်ကြောင်း ပြောပါတယ်။
ရေဘေးသင့်ခဲ့တဲ့ အိမ်တွေရဲ့ အပြင်ဘက် နံရံတွေဘေးမှာ ဒေသခံတွေဟာ သူတို့ပိုင်ဆိုင်မှုတွေထဲက ပြန်သုံးစွဲလို့ရနိုင်မဲ့ အရာတွေကို ရွေးထုတ်နေကြပြီး မွေ့ရာတွေ၊ ပရိဘောဂတွေနဲ့ လူသုံးကုန်ပစ္စည်းတွေလိုမျိုး ရေထဲက ဆယ်ယူထားရတဲ့ ပစ္စည်းတွေကို ပုံထားကြရပါတယ်။
အစိုးရကတော့ အရေးပေါ်ရန်ပုံငွေ ဂါနာငွေကြေး စီဒီ သန်း ၃၅၀ (ဒေါ်လာ ၃၁ သန်းခန့်) လျာထားပါတယ်။
အဲဒီထဲက စီဒီ သန်း ၂၀၀ (ဒေါ်လာ ၁၈ သန်းခန့်) ကို ကမ်းရိုးတန်းတလျှောက် ရေဘေးသင့်အိမ်ထောင်စု ၁၀,၀၀၀ ကျော်အတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ဖို့ သမ္မတက ညွှန်ကြားထားပြီး ကျန်တဲ့ စီဒီ သန်း ၁၅၀ (ဒေါ်လာ ၁၃ သန်းခန့်) ကို ကမ်းရိုးတန်းဒေသ ရေကြီးမှုအန္တရာယ် လျှော့ချရေးမှာ သုံးစွဲမယ်လို့ ဆိုပါတယ်။
အက်ကရာမြို့ဟာ ရေနုတ်မြောင်းစနစ်မကောင်းတာ၊ ရေလမ်းကြောင်းပေါ် ကျူးကျော်ဆောက်လုပ်တာနဲ့ မြို့ပြစီမံကိန်း အားနည်းတာတွေကြောင့် မိုးရာသီမှာ ရေကြီးလေ့ရှိပြီး အခုကတော့ လတ်တလောနှစ်ပိုင်းတွေအတွင်း အဆိုးရွားဆုံးဖြစ်လို့ ကယ်ဆယ်ရေးနဲ့ ပျက်စီးဆုံးရှုံးမှု တွက်ချက်တာတွေကို ဆက်လုပ်ဆောင်နေပါတယ်။
Source: Reuters











