
ကင်ညာနိုင်ငံသား ဆီဘက်စတီယန် ဆာဝီဟာ ဧပြီ ၂၆ ရက်က ကျင်းပတဲ့ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ တနာရီ၊ ၅၉ မိနစ်၊ ၃၀ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပါတယ်။
ဒါကြောင့် သူဟာ တရားဝင်ပြိုင်ပွဲဝင် မာရသွန်သမိုင်းမှာ ၂ နာရီအောက် အချိန်ယူပြေးနိုင်တဲ့ ပထမဆုံးအမျိုးသား ဖြစ်လာပါတယ်။
ဆာဝီဟာ ကွယ်လွန်သူ ကယ်လ်ဗင် ကစ်ပ်တမ် တင်ထားတဲ့ ကမ္ဘာ့စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာပါ။
ဒုတိယရရှိတဲ့ အီသီယိုးပီးယားနိုင်ငံသား ယိုမစ်ဖ် ကီဂျယ်လ်ချာ ကလည်း ၂ နာရီအောက် အချိန်နဲ့ ပန်းဝင်နိုင်ခဲ့ပါတယ်။
“ကျနော် မယုံနိုင်အောင် ဖြစ်ရပါတယ်။ ဒါပေမဲ့ ကျနော် သေချာပြင်ဆင်ခဲ့ပြီး လေ့ကျင့်မှုတွေရဲ့ရလဒ် ထွက်ပေါ်လာတာပါ” လို့ ဆာဝီက ပြောပါတယ်။
ပြိုင်ပွဲဝင်မာရသွန်ဆိုတာ နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေနဲ့အညီ ပြိုင်ဘက်တွေနဲ့အတူ ယှဉ်ပြိုင်ရတဲ့ တရားဝင်ပြိုင်ပွဲမျိုးကို ဆိုလိုတာပါ။
ဒီမတိုင်ခင် ၂၀၁၉ ခုနှစ်က ကင်ညာအပြေးသမား အဲလီးယု ကစ်ပ်ချိုဂီဟာ မာရသွန်ခရီးစဉ်ကို ၂ နာရီအောက်နဲ့ ပထမဆုံး ပန်းဝင်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဲဒီပွဲဟာ သတ်မှတ်ပေးထားတဲ့ အထောက်အကူပြု အခြေအနေတွေအောက်မှာ စီစဉ်ပြေးဆွဲခဲ့တာဖြစ်လို့ တရားဝင်ကမ္ဘာ့စံချိန်အဖြစ် အသိအမှတ်ပြု မခံခဲ့ရပါဘူး။
ကစ်ပ်ချိုဂီ ပြေးတုန်းကတော့ အရှိန်ထိန်းပေးတဲ့ အပြေးသမားတွေ (Rotating Pacemakers) တွေ အဖွဲ့လိုက်ခွဲပြီး ရှေ့နဲ့ ဘေးပတ်လည်ကနေ ပစောက်ပုံ (V ပုံစံ) ဝင်ပြေးပေးတာ၊ ကားပေါ်ကနေ လေဆာမီးနဲ့ အရှိန်အနှေးအမြန် လမ်းကြောင်းပြသတာမျိုးတွေ ပါဝင်ခဲ့ပါတယ်။
ဒါကြောင့် အခု ဆာဝီနဲ့ ကီဂျယ်လ်ချာရဲ့ စံချိန်ကမှ အစစ်အမှန်စံချိန် ဖြစ်လာခဲ့တာပါ။
လန်ဒန်မာရသွန် အမျိုးသမီးပွဲမှာတော့ အီသီယိုးပီးယားနိုင်ငံသူ တစ်ဂ်စ် အက်စ်ဆီဖာက ၂ နာရီ၊ ၁၅ မိနစ်၊ ၄၁ စက္ကန့်နဲ့ ပထမ ရရှိခဲ့ပါတယ်။
အက်စ်ဆီဖာဟာ ပြီးခဲ့တဲ့နှစ်က သူကိုယ်တိုင်တင်ထားတဲ့ အမျိုးသမီးမာရသွန် ကမ္ဘာ့စံချိန်ကို ထပ်မံ ချိုးဖျက်နိုင်ခဲ့တာပါ။
ကင်ညာအပြေးမယ်တွေဖြစ်တဲ့ ဟယ်လင် အိုဘီရီနဲ့ ဂျွိုက်စလင်း ဂျက်ပ်ကိုစဂေ တို့က ဒုတိယနဲ့ တတိယ အသီးသီး ရရှိခဲ့ပါတယ်။
ဘီးတပ်ကုလားထိုင် မာရသွန်ပြိုင်ပွဲတွေမှာတော့ ဆွစ်ဇာလန်နိုင်ငံသား မာဆယ် ဟက်ဂ်နဲ့ ကက်သရင်း ဒီဘရွန်နာ တို့က အသီးသီး အနိုင်ရရှိခဲ့ပါတယ်။










