
အမေရိကန်-အစ္စရေးတို့နဲ့ စစ်ပွဲစကတည်းက အီရန်အာဏာပိုင်တွေက လျှပ်စစ်ဓာတ်အား ဖြတ်တောက် ထားပြီးတဲ့နောက် ယာယီအစီအစဉ်တရပ်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အင်တာနက် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမယ်လို့ အီရန်အစိုးရက ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။
အစိုးရပြောရေးဆိုခွင့်ရှိသူ ဖာတီမက် မိုဟာဂျီရာနီက တီဟီရန်မြို့တော်မှာရှိတဲ့ တားရက်ရှ် ဓာတ်အားပေးစက်ရုံမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ခုလိုပြောခဲ့တာပါ။
အကျပ်အတည်းကာလအတွင်း စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်ရေး ကူညီပေးမဲ့ “Internet Pro” အစီအစဉ်ကို အမျိုးသားလုံခြုံရေးကောင်စီက အတည်ပြုခဲ့တယ်လို့လည်း ပြောပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေက အခြေအနေကို ပုံမှန်အတိုင်း ကြေညာပြီးတဲ့နောက် အင်တာနက် အခြေအနေ ပြောင်းလဲသွားလိမ့်မယ်လို့ မိုဟာဂျီရာနီက ပြောခဲ့ပြီး အစိုးရက အင်တာနက် အသုံးပြုခွင့်ကို နိုင်ငံသားအခွင့်အရေးတခုအဖြစ် လေးစားတယ်လို့လည်း အလေးပေး ပြောခဲ့ပါတယ်။
အီရန်နိုင်ငံသားအများစုဟာ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ကို ရက်ပေါင်း ၆၀ လောက် ဝင်မကြည့် နိုင်ခဲ့ဘူးလို့ အင်တာနက်စောင့်ကြည့်ရေးဌာန NetBlocks က ဆိုပါတယ်။
အစိုးရဆန့်ကျင်ရေး ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေကို တုံ့ပြန်တဲ့အနေနဲ့ အာဏာပိုင်တွေက ဇန်နဝါရီ ၈ ရက်ကစပြီး အင်တာနက်ဖြတ်တောက်မှုကို ကနဦးမှာ ချမှတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလမှာ အင်တာနက်အခြေအနေက တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ရောက်လာခဲ့ပြီး အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် စတင်တိုက်ခိုက်ပြီးတဲ့နောက် မီးဖြတ်တောက်မှုအသစ်ကို စတင်ခဲ့ပါတယ်။
ပုံမှန်အချိန်တွေမှာ အီရန်အစိုးရက ဝက်ဘ်ဆိုက် အမြောက်အမြားကို ဆင်ဆာဖြတ်တောက်ရင်း ကမ္ဘာလုံးဆိုင်ရာ အင်တာနက် ဝင်ရောက်ကြည့်ရှုခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားဆဲပါ။
အီရန်ရဲ့ ရန်သူတွေရဲ့ ဗျူဟာတွေထဲက တခုက သဘောထားကွဲလွဲမှုတွေကို ဖန်တီးဖို့လို့လည်း မိုဟာဂျီရာနီက ပြောခဲ့ပါတယ်။
အီရန်ရဲ့ ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟာမက် ဘာကာ ကာလီဘတ်ဟာ ပါကစ္စတန် ကြားခံတွေက တဆင့် အမေရိကန်နဲ့ ညှိနှိုင်းနေတဲ့အဖွဲ့ကနေ နုတ်ထွက်ခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ကြားမှာ တရားဝင်မဟုတ်တဲ့ သတင်းရင်းမြစ်တွေကို အာရုံမစိုက်ဖို့ အီရန်နိုင်ငံသားတွေကို တိုက်တွန်းခဲ့ပါတယ်။
အစ္စရေးရေဒီယိုက ကာလီဘတ်ရဲ့ နုတ်ထွက်မှုကို သတင်းပို့ခဲ့ပြီး အီရန်အစိုးရထဲက သဘောထား တင်းမာသူတွေအတွက် အောင်ပွဲတခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ အီရန်ကတော့ သတင်းတွေကို အတည်မပြုသလို မငြင်းဆိုခဲ့ပါဘူး။
Source: Reuters










