
ထိုင်း-မြန်မာနယ်စပ် ကန်ကျနဘူရီခရိုင် ဆန်ခလဘူရီမြို့နယ်ထဲမှာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာဘက်ခြမ်းကို တရားမဝင် အင်တာနက်ပို့ဆောင်ပေးနေတဲ့ ကွန်ရက်ကို တာဝန်ရှိသူတွေက သွားရောက်စစ်ဆေး အရေးယူခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်က ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စုထဲမှာ အင်တာနက်လိုင်းကို သာမန်ပြည်သူတွေထက် ပိုမိုမြင့်မားစွာ သုံးစွဲနေတာကို တွေ့ရှိခဲ့တယ်။ ပြည်သူတွေဟာ ၂၀ မှ ၃၀ GB လောက်သာ သုံးစွဲလေ့ရှိကြပေမဲ့ အဲဒီဧရိယာမှာတော့ 6 MB အထိ သုံးစွဲထားတာ တွေ့ရတယ်။ ဒါဟာ အွန်လိုင်းလိမ်လည်မှု၊ နည်းပညာဆိုင်ရာ ရာဇဝတ်မှု၊ ပြည်သူတွေပေါ် လိမ်လည်မှုတွေနဲ့ ဆက်စပ်နိုင်ကြောင်း သုံးသပ်ရတာကြောင့် တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေး အရေးယူခဲ့တယ်လို့ ထိုင်းအမျိုးသားရုပ်သံနဲ့ ကြေးနန်းဆက်သွယ်ရေးကော်မရှင် (NBTC) ရဲ့ ယာယီ အတွင်းရေးမှူး နိုင်းသရိုင်းရတ် ဝိရိယဆီရီကွန်းက သတင်းထောက်တွေကို ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်က ထိုင်းအမျိုးသား ရုပ်သံနဲ့ ကြေးနန်းဆက်သွယ်ရေးကော်မရှင် (NBTC)၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးစင်တာ ACSC၊ အမှတ် ၇ တိုင်းဒေသရဲတပ်ဖွဲ့၊ ဆိုက်ဘာရဲတပ်ဖွဲ့ CCIB၊ လူကုန်တားနဲ့ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့က ကန်ကျနပူရီခရိုင်နဲ့ စမုပရကန်ခရိုင်ရှိ ဦးတည်ရာ နေရာ ၄ ခုကို သွားရောက်စစ်ဆေး အရေးယူခဲ့တယ်။
ကန်ကျနပူရီခရိုင်မှာဆိုရင် ဆန်ခလပူရီ နောင်လူးအုပ်စုရှိ နေရာ ၂ နေရာကို စစ်ဆေးခဲ့တယ်၊ ပထမနေရာမှာ ဖုန်းပြင်ဆိုင်အယောင်ပြပြီး တာဝါတိုင်နဲ့ တဘက်နိုင်ငံကို အင်တာနက်လိုင်းတွေ ပို့လွှတ်ပေးတာ စစ်ဆေးတွေ့ရှိတယ်။ ဒုတိယနေရာမှာ နောင်လူးရပ်ကွက် နယ်မြေ ၉ ရှိ နေအိမ်တလုံး ဖြစ်တယ်။ အဆိုပါအိမ်မှာ မြန်မာဘက်ခြမ်း ဘုရားသုံးဆူနဲ့ ကပ်လျက် နှစ်နိုင်ငံကြား ကူးလူးဝင်ထွက်နိုင်တဲ့ တံခါးပေါက် ပါရှိတယ်။ တခြားအိမ်တွေဆီလည်း ကေဘယ်လ်ကြိုး လိမ်ပြီး သွယ်တန်းထားတယ်။ OTDR စက်နဲ့ စစ်ဆေးချက်အရ မြန်မာဘက်ခြမ်းကို အရှည် ၃၅၀ မီတာလောက်ထိ ဝင်ရောက်သွယ်တန်းထားတယ်။ ဒါတွေဟာ မြန်မာဘက်ခြမ်းက ကာစီနို လောင်းကစားရုံတွေဆီ တရားမဝင် အင်တာနက်လိုင်းတွေ ပို့ပေးနေတာဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တာဝန်ရှိသူတွေက အဲဒီကေဘယ်လ်ကြိုးနဲ့ တခြားသက်သေခံပစ္စည်းတွေ သိမ်းဆည်းပြီး ပါဝင်ပတ်သက်သူတွေကိုလည်း ၂၀၂၁ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ ကြေးနန်းဆက်သွယ်ရေးလုပ်ကိုင်ခွင့် ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားမယ်။
အဲဒီ အောက်တိုဘာ ၁၅ ရက် တနေ့တည်းမှာပဲ စမုပရကန်ခရိုင် ၂ နေရာကနေ မြန်မာနိုင်ငံ ဘုရားသုံးဆူဒေသဘက်ကို အင်တာနက်တွေ အဓိက ဖြန့်ဝေပေးနေတယ်လို့ သံသယရှိတဲ့ “တွန့်ဒန်ကျေဒီဆမ်အုန်း”နဲ့ အင်တာနက်ဖိုးငွေတွေ ပေးသွင်းနေသူ “နိုင်းထိမ်း” ဆိုသူ ၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်။ ဖြစ်ရပ်မှန်ကို ဖော်ထုတ်အရေးယူဖို့ သက်သေအထောက်အထားတွေ ဆက်လက်စုဆောင်း စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောသွားပါတယ်။
Source: Thai PBS / Kanchanaburi News











