
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်က ထိုင်း–မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအနီးမှာ ဒေသခံပြည်သူတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ စက်တင်ဘာ ၂၃ ရက်က စုဝေးခဲ့ကြပြီး မြစ်ဖျားပိုင်းဒေသမှာ သတ္တုတွင်းလုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝဆိုင်ရာ ထိခိုက်မှုတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒေသခံတွေဟာ မြစ်ဖျားပိုင်း သတ္တုတွင်းလုပ်ငန်းတွေကနေ ထွက်ပေါ်လာနိုင်တဲ့ အဆိပ်သင့် သတ္တုဓာတ် ညစ်ညမ်းမှုတွေကြောင့် ရေထုနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေနိုင်ပြီး မယ်ဆိုင်နဲ့ နယ်စပ်တလျှောက်က ပြည်သူတွေရဲ့ ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ အပေါ်ကို သက်ရောက်မှု ရှိလာမဲ့အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောပါတယ်။
ဒီစုဝေးမှုအတွင်းမှာ “အိမ်တိုင်း ရွှံ့နွံအဆိပ်ပြည့်၊ မြို့တိုင်း အဆိပ်အတောက်အပြည့်” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ခဲ့ကြပြီး နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာကို ပူးပေါင်းဖြေရှင်းပေးဖို့ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ကို တောင်းဆိုခဲ့ကြပါတယ်။
ဒေသခံတွေက နှစ်နိုင်ငံအစိုးရတွေကို အဓိက တောင်းဆိုချက် ၈ ချက်ကိုလည်း တင်ပြခဲ့ကြပြီး မြစ်ဖျားပိုင်းမှာ ပြဿနာဖြစ်ပေါ်စေတဲ့ သတ္တုတွင်းလုပ်ငန်းတွေ ရပ်တန့်ဖို့၊ အစိုးရတာဝန်ရှိသူတွေက ဒေသအတွင်း လာရောက်ပြီး ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့၊ ထိခိုက်ခံစားနေရတဲ့ တောင်သူတွေကို ပြန်လည်ထူထောင်ပေးဖို့တို့ ပါဝင်ပါတယ်။
ဒါ့အပြင် ဒေသတွင်း စုပုံနေတဲ့ ရွှံ့နဲ့ အနည်အနှစ်တွေကို စနစ်တကျရှင်းလင်းဖို့၊ ရေအရည်အသွေးကို ပြန်လည်ကောင်းမွန်စေဖို့၊ မယ်ဆိုင်ဒေသရဲ့ စီးပွားရေးနဲ့ လူနေမှုဘဝကို ပြန်လည်ထူထောင်ဖို့၊ နယ်စပ်ဖြတ်ကျော် မြစ်ဝှမ်းတွေအပေါ် သက်ရောက်မှုရှိတဲ့ မြန်မာနိုင်ငံက သတ္တုတွင်းလုပ်ငန်းတွေကို မြန်မာအစိုးရက အရေးယူဆောင်ရွက်ဖို့နဲ့ ပြဿနာကို နိုင်ငံတော်အဆင့် အရေးကြီးကိစ္စအဖြစ် သတ်မှတ်ပြီး သံတမန်ရေးရာ ယန္တရားတွေကတဆင့် နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းဖို့ စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။
ဒေသခံပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ အနေနဲ့လည်း လက်ရှိပြဿနာကို သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် ထိခိုက်သူတွေကို ပြန်လည်ကူညီပေးရုံနဲ့ မလုံလောက်ဘဲ ပြဿနာရဲ့ အရင်းခံ အကြောင်းရင်းကို ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း ထောက်ပြခဲ့ကြပါတယ်။
မယ်ဆိုင်ဒေသဟာ ထိုင်း-မြန်မာနယ်စပ်မှာ တည်ရှိပြီး မယ်ဆိုင်မြစ်နဲ့ ရော့မြစ်တို့ဟာ ဒေသခံတွေရဲ့ နေ့စဉ်လူနေမှုဘဝ၊ စိုက်ပျိုးရေးနဲ့ နယ်စပ်စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတာလည်း ဖြစ်ပါတယ်။










