
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ မှာ ထိုင်းဘတ်ငွေ ၃ သန်းခွဲကျော် တရားမဝင် သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတယောက် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းအကောက်ခွန်ဌာန၊ ထပ်ကျောက်တာ့ခ်စစ်ကြောင်းနဲ့ လဝက ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၇ ရက် မနေညနေ ၃ နာရီ ၁၀ မိနစ်လောက်က နှစ်နိုင်ငံနယ်စပ် အမှတ် ၁ ချစ်ကြည်ရေးတံတားမှာ စောင့်ကြပ်စစ်ဆေးစဉ် မြန်မာဘက်ကနေ မောင်းဝင်လာတဲ့ အနီနဲ့အဖြူရောင်စပ်ကြား မြန်မာနံပါတ်ပြားပါ ဆိုင်ကယ်တစီးကို စစ်ဆေးခဲ့ပါတယ်။
ဆိုင်ကယ်မောင်းသူမှာ အသက် ၂၁ နှစ်ရွယ် မြန်မာနိုင်ငံသားတယောက် ဖြစ်ပြီး သူ့ရဲ့ ဘေးလွယ်အိတ်နဲ့ ဆိုင်ကယ်ထဲ ဝှက်ပြီး ယူဆောင်လာတဲ့ ထိုင်းဘတ်ငွေ စုစုပေါင်း ၃, ၅၇၂ , ၂၄၀ သိမ်းဆည်းရမိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီထဲမှာ ဘတ် ၁,၀၀၀ တန် ငွေစက္ကူ ၃,၅၆၀ ရွက် ၊ ဘတ် ၅၀၀ တန် ငွေစက္ကူ ၇ ရွက်၊ ဘတ် ၁၀၀ တန် ၆၁ ရွက် နဲ့ ဘတ် ၂၀ တန် ၁၃၂ ရွက်တို့ ပါရှိတယ်။
မယ်ဆိုင် အကောက်ခွန်ဦးစီးမှူး နိုင်ဝါရစ် ဝီဆာရထာနွန်းက ဒီဖမ်းဆီးမှုဟာ သက်ဆိုင်ရာဌာနတွေ အနေနဲ့ တရားမဝင် ပစ္စည်းခိုးသွင်းမှုတွေကို တင်းတင်းကျပ်ကျပ် ကာကွယ်နှိမ်နင်းဖို့ အစိုးရနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် မူဝါဒနဲ့အညီ ဆောင်ရွက်တာလို့ ပြောပါတယ်။
ဒါကြောင့် တရားမဝင် ငွေသယ်ဆောင်သူ အဆိုပါမြန်မာနိုင်ငံသားကို ငွေကြေးလဲလှယ်မှု ထိန်းချုပ်ရေးဥပဒေအရ အရေးယူဖို့ မယ်ဆိုင်မြို့နယ် ရဲစခန်းကို ပို့ဆောင်ထားတယ်။
ဆက်လက်ပြီး အဆိုပါငွေတွေရဲ့ လားရာနဲ့ တရားမဝင်လုပ်ငန်းတွေနဲ့ ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
Source: Khaosod / Chiangmai News











