
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်အကောက်ခွန် စစ်ဆေးရေးဂိတ်မှာ မွေ့ရာထဲ စိတ်ကြွဆေးပြား ၂,၇၀၀,၀၀၀ သိုဝှက်သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၂ ယောက် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက ထိုင်းအကောက်ခွန်ဝန်ထမ်းနဲ့ နယ်စပ်ဂိတ် စစ်ဆေးရေး တာဝန်ရှိသူတွေဟာ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားမှာ တာဝန်ထမ်းဆောင်စဉ် မြန်မာဘက်ခြမ်းကနေ ထိုင်ခုံ၊ ခုတင်၊ မွေ့ရာ၊ ရေခဲသေတ္တာ စတဲ့ အိမ်ထောင်ပရိဘောဂတွေ တင်ဆောင်လာတဲ့ အဖြူရောင် မြန်မာအငှားယာဉ်တစီးကို အလေးချိန်မှာ ပုံမှန်မဟုတ်တဲ့အတွက် အသေးစိတ် ဆက်လက်စစ်ဆေးဖို့ ဘန့်ဆန်ဖတ်ဟိရပ်ကွက်ရှိ မယ်ဆိုင်အကောက်ခွန်ရုံးထဲ မောင်းဝင်သွားခိုင်းလိုက်ပါတယ်။
အဲဒီနောက် မယ်ဆိုင်မြို့နယ် အကောက်ခွန်ဦးစီးမှူး နိုင်းဝါရစ် ဝိဆာထားနွန်း ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ အဆိုပါကားထဲက ပစ္စည်းတွေကို X-Ray စက်နဲ့ အသေးစိတ် စစ်ဆေးကြတာမှာ မွေ့ရာနဲ့ ဆက်တီကူရှင်တွေထဲမှာ မသင်္ကာစရာ အထုပ်တွေ ထည့်သွင်းထားတာ တွေ့ရပါတယ်။
အဲဒီထဲမှာ အထုပ်ပေါင်း ၂၇၅ ထုပ်ရှိပြီး တထုပ်ကို စိတ်ကြွဆေးပြား ၂,၀၀၀ စီပါတဲ့ အစည်း ၅ စည်းစီ ပါရှိတယ်၊ ဒါကြောင့် တထုပ်ကို ဆေးပြား ၁၀,၀၀၀ နှုန်းနဲ့ စုစုပေါင်း စိတ်ကြွဆေးပြား ၂,၇၅၀,၀၀၀ ( ၂၇ သိန်း) ကို သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာယာဉ်မောင်း အမျိုးသားနဲ့ ဘေးကလိုက်ပါလာသူ အမျိုးသမီးတို့ကို ဖမ်းဆီးထားပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေ စစ်ဆေးမေးမြန်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Maesaipress











