
AI မိုဒယ်တွေဟာ မကြာမီ လူရဲ့ထိန်းချုပ်မှုမပါဘဲ ကိုယ်တိုင်ပုံတူပွားပြီး အင်တာနက်မှာ ပျံ့နှံ့ လာနိုင်တယ်လို့ အမေရိကန် AI နည်းပညာကုမ္ပဏီ Anthropic က သတိပေးလိုက်ပါတယ်။
AI မိုဒယ်တွေဟာ အင်တာနက်ချိတ်ဆက်ထားတဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်ပြီး ကိုယ်တိုင် ပုံတူပွားနိုင်တဲ့ အခြေအနေကို ရောက်ရှိလာနိုင်တယ်လို့ အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်တဲ့ သုတေသနမှာ ဖော်ပြပါတယ်။
အဲဒီစက်ပစ္စည်းတွေကို စုစည်းပြီး Botnet လို့ခေါ်တဲ့ ကွန်ရက်တခု တည်ဆောက်ကာ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
Anthropic ရဲ့ စမ်းသပ်ချက်တွေအရ အရွယ်အစား အလယ်အလတ်ရှိတဲ့ AI မိုဒယ်တွေဟာ ကိုယ်တိုင်ပုံတူပွားဖို့ လိုအပ်တဲ့ လုပ်ငန်းအဆင့် အများအပြားကို လုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ လုပ်ငန်းစဉ်တခုလုံးကို အမှားအယွင်းမရှိ ဆက်တိုက်လုပ်ဆောင်နိုင်ဖို့တော့ အခက်အခဲရှိ နေဆဲ ဖြစ်ပါတယ်။
ရိုးရှင်းတဲ့ စမ်းသပ်ကွန်ရက်တခုမှာတော့ AI မိုဒယ်တွေ ကိုယ်တိုင် ပုံတူပွားနိုင်ခဲ့တယ်လို့ ကုမ္ပဏီက ဖော်ပြပါတယ်။
“ဒီလို ပုံတူပွားနေတဲ့ AI ကို ပိတ်ပစ်ဖို့ ဗဟိုထိန်းချုပ်ရာနေရာ တခုတည်း မရှိတာကြောင့် ရပ်တန့်ဖို့ ခက်ခဲနိုင်တယ်” လို့ Anthropic က သတိပေးပါတယ်။
AI မိုဒယ်ငယ်တွေဟာ လက်ရှိနှုန်းအတိုင်း ဆက်လက်တိုးတက်လာရင် ၂၀၂၆ ခုနှစ်ကုန်မှာ ကိုယ်တိုင်ပုံတူပွားနိုင်ဖို့ လိုအပ်တဲ့ စွမ်းရည်ကို ရရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ AI တွေက လူအကူအညီမပါဘဲ အင်တာနက်ပေါ်မှာ တကယ်ပျံ့နှံ့လာနိုင်မလားဆိုတာ အခုထိ မသေချာသေးဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါပေမဲ့ ဗြိတိန် အမျိုးသားဆိုက်ဘာလုံခြုံရေးဌာန အကြီးအကဲဟောင်း စီအာရန် မာတင်ကတော့ Anthropic ရဲ့ သတိပေးချက်မှာ ချဲ့ကားပြောဆိုမှုတွေ ပါဝင်နေတယ်လို့ ဝေဖန်ပါတယ်။
Source:Reuters











