
ရန်ကုန်ကနေ ချောက်မြို့ကို ဖယောင်းတိုင် သွားပို့တဲ့ အရောင်းဝန်ထမ်း ၂ ယောက်ကို မေ ၂၀ ရက်က ချောက်မြို့နယ်အထွက်မှာ စစ်အာဏာရှင်လက်အောက်ခံ စစ်တပ်နဲ့ ရဲတွေက စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ မနက် ၁၁ နာရီက ချောက်မြို့နယ်အထွက်မှာ စစ်တပ်နဲ့ ရဲတွေက တိုးကြွယ်ဖယောင်းတိုင် ပို့ဆောင်တဲ့ကားကို တားပြီး ယာဥ်မောင်းနဲ့ အရောင်းဝန်ထမ်းကို ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ချောက်မြို့နယ်အထွက် Famous ဆီဆိုင်ရှေ့မှာ ဖမ်းတာ ယာဥ်မောင်းနဲ့ အရောင်းဝန်ထမ်း ကောင်လေးက ဝန်ထမ်းကတ်တွေ ထုတ်ပြပြီး ရှင်းပြလည်း မရဘူး။ ကားရော လူရော ထွေအုပ်ရုံးကို ခေါ်သွားတယ်။”
ဖမ်းဆီးထားတဲ့ တိုးကြွယ်ဖယောင်းတိုင် ပို့ဆောင်တဲ့ ကားကို ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးရှေ့မှာ ရပ်ထားပြီး ယာဥ်မောင်းနဲ့ အရောင်းဝန်ထမ်း ကောင်လေးကို ချုပ်နှောင်ထားတယ်လို့ လုပ်ငန်းရှင်တယောက်က DVBကို ပြောပါတယ်။
“ရန်ကုန်ကနေ ချောက်ကို အမွှေးတိုင်နဲ့ ဖယောင်းတိုင် ပုံမှန်လာပို့နေတဲ့ ကလေးတွေပါ။ ချောက်မြို့နယ်မှာ ရပ်ဝေးကလာတဲ့သူဆို စစ်မှုထမ်းဖို့အတွက် ထွေအုပ် စစ်တပ်နဲ့ ရဲက ဖမ်းတာ ခဏခဏပဲ။ ပြီးခဲ့တဲ့လကလည်း ပဲခူးက ကောင်လေးတယောက်ကို ဖမ်းသေးတယ်။”
ဖမ်းဆီးခံရတဲ့ လူငယ် ၂ ယောက်ဟာ ရန်ကုန်၊ လသာမြို့နယ်၊ လမ်းမတော်လမ်းသံဈေးနီးမှာ ဖွင့်လှစ်ထားတဲ့ တိုးကြွယ်ဖယောင်းတိုင် အမွှေးတိုင်လုပ်ငန်း ပင်ရင်းက ဝန်ထမ်းတွေ ဖြစ်ပါတယ်။
ဧပြီ ၂၅ ရက်ကလည်း ပဲခူးတိုင်းက အလုပ်လာလုပ်တဲ့ လူငယ်တယောက် ချောက်မြို့နယ် ထွေအုပ်ရုံးက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခဲ့သလို မတ် ၃ ရက်ကလည်း သာစည်မြို့နယ်က ချောက်မြို့ကို လာလည်တဲ့ လူငယ် ၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။










