
ထောင်ဒဏ်ကျခံနေရတဲ့ အီရန်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် နာဂျက်ဇ် မိုဟာမက်ဒီရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတဲ့အတွက် အကျဉ်းထောင်ကနေ ဆေးရုံကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။
လက်ရှိမှာတော့ နှလုံးအထူးကုဆောင်မှာ အရေးပေါ်အခြေအနေ ဖြစ်နေတယ်လို့ သူ့မိသားစုက စီမံနေတဲ့ ဖောင်ဒေးရှင်းက မေ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုဟာမက်ဒီရဲ့ သွေးပေါင်ချိန်ဟာ အန္တရာယ်ရှိလောက်အောင် အတက်အကျ ဖြစ်နေပြီး အောက်ဆီဂျင်ပေးကာ အခြေအနေတည်ငြိမ်အောင် ကုသပေးနေရပါတယ်။
ကျန်းမာရေး အကြီးအကျယ် ဆိုးရွားလာတဲ့အတွက် ပြီးခဲ့တဲ့ မေ ၁ ရက်က ဇန်ဂျန်မြို့က ဆေးရုံကို လွှဲပြောင်းပေးခဲ့တာပါ။
ရောဂါဖောက်လာချိန်မှာ သတိလစ်တာ ၂ ကြိမ်ဖြစ်ခဲ့ပြီး ပြင်းထန်တဲ့ နှလုံးပြဿနာ ခံစားခဲ့ရတယ်လို့ ဖောင်ဒေးရှင်းက ဆက်ပြောပါတယ်။
“နာဂျက်ဇ် မိုဟာမက်ဒီရဲ့ အခြေအနေအတွက် ထိရောက်တဲ့ ကုသမှုရဖို့ တီဟီရန်မြို့က သူ့ရဲ့ ဆေးကုသရေးအဖွဲ့ဆီ လွှဲပြောင်းပေးမှသာ ဖြစ်နိုင်မယ်”လို့ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အသက် ၅၀ အရွယ် မိုဟာမက်ဒီဟာ အီရန်နိုင်ငံမှာ အမျိုးသမီးအခွင့်အရေးနဲ့ သေဒဏ်ဖျက်သိမ်းရေး လှုပ်ရှားမှုတွေကြောင့် ထောင်ကျနေစဉ်မှာပဲ နိုဘယ်လ်ဆု ရရှိခဲ့တာပါ။
ပြီးခဲ့တဲ့ မတ်လကုန်ကလည်း မိုဟာမက်ဒီဟာ ရုတ်တရက် နှလုံးဖောက်မှု ကြုံခဲ့ရတယ်လို့ ယူဆရကြောင်း မိသားစုက ပြောပါတယ်။
မိုဟာမက်ဒီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ထောင်ဒဏ် ၇ နှစ်ခွဲ အသစ်ထပ်မံ ချမှတ်ခံခဲ့ရပါတယ်။ ရှေ့ပိုင်းမှာလည်း အနှစ် ၃၀ ကြာအမျိုးသမီးခွင့်အရေးလှုပ်ရှားမှုအတွင်း ထောင်ဒဏ် အကြိမ်ကြိမ် ချမှတ်ခံခဲ့ရဖူးပါတယ်။
Source: Reuters











