
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံစောင့် စစ်တပ်ကင်း ရှိနေပေမဲ့ ဆေးရုံတက်၊ ဆေးခန်းပြနဲ့ ဆေးထိုးလာကြတဲ့ ပြည်သူတွေရဲ့ တန်ဖိုးကြီးဆိုင်ကယ်၊ ဖုန်းနဲ့ တခြားပစ္စည်းတွေ နေ့စဉ်နီးပါး အခိုးခံနေရတယ်လို့ ဆေးရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က ထိန်းချုပ်ထားပြီး ဆေးရုံကြီးဝင်းအတွင်း အဝင်ပေါက်မြောက်ဘက်မှာ ဆေးရုံစောင့် စစ်တပ်၊ ရဲကင်း ထားရှိထားပြီး ရဲနဲ့ စစ်သားတွေက အလှည့်ကျ သွားလာနေကြပေမဲ့ ဆေးရုံလာပြကြတဲ့ လူနာတွေရဲ့ ပစ္စည်းတွေကတော့ နေ့စဉ်နီးပါး အခိုးခံနေရတာပါ။
အဲဒီလို ပျောက်ဆုံးလို့ ဆေးရုံတာဝန်ရှိသူတွေကို အကြောင်းကြားပေမဲ့ စစ်တပ်၊ ရဲတွေက တာဝန်ယူ ဖြေရှင်းပေးတာမရှိဘဲ မိမိပစ္စည်းလုံခြုံရေး မိမိဘာသာ တာဝန်ယူရမယ်လို့ ပြောဆိုနေတယ်လို့ သိရပါတယ်။
ပစ္စည်းပျောက်ဆုံးခဲ့သူတယောက်က “ဆေးရုံထဲမှာ သူခိုးတင်မကဘူး၊ ခါးပိုက်နှိုက်တွေပါ ရှိနေတာပါ။ အများဆုံးဖြစ်တာကတော့ ကလေးကာကွယ်ဆေးထိုးတဲ့ရက်တွေမှာ လူစည်ကားပြီး ကလေးမိဘတွေ အများဆုံး ခံကြရတာပါ။ ရဲကင်းလည်း ရှိတယ်၊ ရဲတွေလည်း ပတ်သွားနေတာကို ဆိုင်ကယ်ပျောက်၊ ဖုန်းပျောက်၊ ခါးပိုက်နှိုက်ခံရမှုတွေက နေ့တိုင်း ဖြစ်နေတယ်။ သူတို့ကလည်း ဘာမှ တာဝန်ယူမပေးဘူး၊ ကိုယ့်လုံခြုံရေး ကိုယ့်ပစ္စည်း ကိုယ့်တာဝန်ယူရမယ်လို့ပဲ ပြောတယ်။ လူနာမကျန်းလို့ ဆေးရုံသွားတာ၊ စိတ်ဆင်းရဲရတာပဲ အဖတ်တင်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မြို့အတွင်းနဲ့ နယ်ကျေးရွာတွေကနေ မိုင်းထိ၊ လက်နက်ကြီးကျည်နဲ့ ဗုံးစထိမှန်လို့ အရေးပေါ်ဌာနကို ရောက်လာတဲ့ လူနာတွေကိုလည်း ဆေးရုံဝန်ထမ်းတွေက ချက်ချင်း ဆေးကုသပေးတာမျိုးမရှိဘဲ စစ်တပ်ကို အသိပေးအကြောင်းကြားပြီးမှ ရဲနဲ့ စစ်သားတွေ လာရောက်စစ်ဆေးပြီးမှ ဆေးကုခွင့်ပေးတယ်လို့ သိရပါတယ်။
အဲဒီလို ဖြစ်စဉ်တွေကြောင့် မိုင်း၊ လက်နက်ကြီးကျည်နဲ့ ဗုံးစထိမှန်လာတဲ့ လူနာတွေဟာ အချိန်မီ ဆေးရုံကို ရောက်ရှိလာပေမဲ့ ဆေးကုသခွင့် ကြန့်ကြာပြီး သေဆုံးတာလည်း ရှိနေပါတယ်။
ဒါ့အပြင် သေဆုံးရုပ်အလောင်းတွေကို ထုတ်ယူခွင့်ရဖို့ စစ်တပ်ကို ငွေပေးပြီးမှ ရုပ်အလောင်းသယ်ဆောင်ခွင့် ပေးတယ်လို့လည်း သိရပါတယ်။










