အီရန်တပ်ဖွဲ့က မောင်းသူမဲ့လေယာဉ် UAV အသစ်များ မိတ်ဆက်ပြသ

အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း၊ မက်ရှ်ဟတ်မြို့မှာ ကျင်းပတဲ့ ပြပွဲတခုမှာ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ရဲ့ လေကြောင်းနဲ့ အာကာသတပ်ဖွဲ့က မောင်းသူမဲ့လေယာဉ် (UAV) အသေးစားအသစ် ၃ စင်းကို နိုဝင်ဘာ ၂၈ ရက်က မိတ်ဆက်ပြသခဲ့ပါတယ်။
အသစ် မိတ်ဆက်လိုက်တဲ့ UAV တွေထဲကတစင်းက တခြားမောင်းသူမဲ့လေယာဉ်တွေကို တန်ပြန်တိုက်ခိုက်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး၊ ကျန်တဲ့ ၂ စင်းကတော့ ရန်သူ့တပ်ဖွဲ့တွေကို အနီးကပ် အကွာအဝေးကနေ အသေခံတိုက်ခိုက်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာလို့ တက်စ်နင်မ် သတင်းဌာနက ဖော်ပြပါတယ်။
ဒီမောင်းသူမဲ့လေယာဉ်တွေဟာ မြေပြင်တပ်ဖွဲ့တွေအတွက် လေကြောင်းရန်ကာကွယ်ရေး လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်ပြီး အနီးကပ်တိုက်ပွဲတွေမှာ အသေးစား မောင်းသူမဲ့ လေယာဉ်တွေ ရဲ့ ခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက် တန်ပြန်တိုက်ဖျက်နိုင်တယ်လို့ IRGC က ပြောပါတယ်။
Source: Reuters











