
တောင်အာဖရိက ရဲတပ်ဖွဲ့ဟာ လင်ပိုပိုပြည်နယ်မှာရှိတဲ့ စိုက်ခင်းခြံတခုထဲကနေ မသင်္ကာဖွယ် မက်သာဖက်တမင်း (အိုက်စ်) မူးယစ်ဆေးတွေ ချက်လုပ်တဲ့ ဓာတ်ခွဲခန်းတခုကို ရှာဖွေတွေ့ရှိခဲ့ပြီး လူ ၅ ယောက်ကို ဖမ်းဆီးခဲ့ကာ စုစုပေါင်း ရန်ဒ်ငွေ သန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၃၇ သန်းနီးပါး) တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ စက်ပစ္စည်းကိရိယာကို သိမ်းဆည်းခဲ့ပါတယ်။
အာဏာပိုင်တွေဟာ သြဂုတ် ၂၀ ရက်မှာ မူဆီနာအနီးရှိ ခြံတခြံကို စီးနင်းခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်နေတယ်ဆိုတဲ့ သံသယရှိစရာ လှုပ်ရှားမှုတွေကို ၂ လကြာ စုံစမ်းစစ်ဆေး ခဲ့ပြီးနောက်မှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာ အရာရှိတွေက ဖန်းခြံထဲမှာတွေ့ရတဲ့ ဓာတုဗေဒ ပစ္စည်းတွေ၊ ပုံးတွေနဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေကို စစ်ဆေးနေကြတာကို မြင်တွေ့ရပါတယ်။ အဲဒီနေရာဟာ အကြီးစား တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်းစုရဲ့ အိုက်စ်ချက်လုပ်တဲ့ နေရာတခုလို့ အာဏာပိုင်တွေက ပြောပါတယ်။
တောင်အာဖရိကရဲ့ အထူးပြစ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ (Hawks) ရဲ့ အဆိုအရ ဖမ်းဆီးရမိသူတွေ ထဲမှာ မက္ကဆီကို နိုင်ငံသား ၂ ယောက်၊ ဇင်ဘာဘွေ နိုင်ငံသား ၂ ယောက်နဲ့ မာလာဝီ နိုင်ငံသား ၁ ယောက် ပါဝင်ပါတယ်။
ဖမ်းဆီးခံထားရသူတွေကို တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လက်ဝယ်ထားရှိမှုတွေနဲ့ ဩဂုတ် ၂၄ ရက်မှာ မူစီနာ တရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Source:Reuters











