
တောင်အာဖရိကနိုင်ငံမှာ သေနတ်ပစ်ခတ်မှုတွေကြောင့် လူ ၂၇ ယောက် သေဆုံးပြီးတဲ့နောက် တောင်အာဖရိက ရဲတပ်ဖွဲ့က သတ္တုတူးဖော်ရေးဆိုင်ရာ ပဋိပက္ခနဲ့ စီးပွားရေးပြိုင်ဆိုင်မှု ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးနေပါတယ်။
တောင်အာဖရိကနိုင်ငံမှာ သေနတ်အသုံးပြု အကြမ်းဖက်မှုပြဿနာ ဆိုးရွားနေတာကို ထင်ဟပ်စေတဲ့ ဖြစ်ရပ်တခု အနေနဲ့ နာရီပိုင်းကာလအတွင်း လူ ၂၇ ယောက် သေဆုံးခဲ့ရတဲ့ သီးခြားသေနတ်ပစ်ခတ်မှု နှစ်ခုမှာ ကျူးလွန်သူတွေကို တောင်အာဖရိကရဲတပ်ဖွဲ့က စက်တင်ဘာ ၂၇ ရက်ကစပြီး လိုက်ရှာနေပါတယ်။
ဂျိုဟန်နက်စ်ဘတ်နဲ့ ကိပ်တောင်းမြို့တို့အနားက ပစ်ခတ်မှုရဲ့ အကြောင်းရင်း ရည်ရွယ်ချက်တွေကို တာဝန်ရှိသူတွေက ဆက်လက်စိစစ် ဖော်ထုတ်နေပါတယ်။
ဂျိုဟန်နက်စ်ဘတ်မြို့ကနေ မိုင် ၅၀ အကွာ ဝေဒေလာမြို့နယ်မှာ စက်တင်ဘာ ၂၆ ရက် ည ၉ နာရီခွဲလောက်က အရက်ဆိုင်တဆိုင်မှာ AK-47 ရိုင်ဖယ်တွေ ကိုင်ထားတဲ့ သံသယရှိသူတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၇ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီဒေသမှာ တရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်းတွေကို ဩဇာကြီးတဲ့ ဂိုဏ်းအဖွဲ့တွေက ချုပ်ကိုင်ထားတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။
အခွင့်အရေးယူခြင်းလို့ အဓိပ္ပာယ်ရပြီး ဇူးလူး ဘာသာစကားကနေ ဆင်းသက်လာတဲ့ ဇာမာ ဇာမက်စ်လို့ ဒေသတွင်းမှာ ခေါ်ကြတဲ့ တရားမဝင် သတ္တုတူးဖော်သူတွေ အဲဒီဒေသမှာ နေကြတယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုမှာ တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းအတွင်း နယ်မြေလု ပိုင်ဆိုင်မှုဆိုင်ရာ ပဋိပက္ခ ဖြစ်နိုင်တယ်ဆိုတဲ့ စုံစမ်းစစ်ဆေးမှုလမ်းကြောင်းကိုလည်း စစ်ဆေးနေတယ်လို့ ပြည်နယ်ရဲ့ ရဲတပ်ဖွဲ့ကော်မရှင်နာ တွမ်မီ အမ်သိုမ်ဘီနီက ဖြစ်စဉ်ဖြစ်တဲ့နေရာမှာ သတင်းထောက်တွေကို ပြောပါတယ်။
လွန်ခဲ့တဲ့ တလလောက်ကလည်း ဒီအရက်ဆိုင်မှာပဲ ပစ်ခတ်မှုတခု ဖြစ်ဖူးပြီး စနေနေ့က ပစ်ခတ်မှုက လက်စားချေတိုက်ခိုက်မှုတခု ဖြစ်နိုင်တယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
အမျိုးသားတပ်မတော်က စစ်သည်တွေနဲ့ ရဲတပ်ဖွဲ့ရဲ့ မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေလည်း အဲဒီမြို့နယ်ကို ရောက်နေပါတယ်။
Source: Reuters










