
တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်နဲ့ ဒါဘန်မြို့တွေမှာ ရွှေ့ပြောင်းနေထိုင်ဆန့်ကျင်ရေး အကြမ်းဖက်ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် တရက်အကြာမှာ ပြည်ထဲရေးဝန်ကြီးဌာနဟာ ခိုလှုံခွင့်လျှောက်လွှာ လက်ခံရေး ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
အောက်တိုဘာ ၉ ရက်မှာ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရဲ့ ဆိုဝီတိုရပ်ကွက်မှာ သံချပ်ကာရဲကားတွေ ကင်းလှည့်ခဲ့ကြပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ မီးရှို့ခံထားရတဲ့ ကားတွေရဲ့ ပြာပုံအကြွင်းအကျန်တွေသာ ကျန်ရစ်ခဲ့ပြီး မှုခင်းဆေးပညာဌာန ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ဆိုဝီတိုမှာ စုဝေးရောက်ရှိနေကြပါတယ်။
ဒါဘန်မြို့မှာလည်း ဆန္ဒပြသူတွေက ကား ၁၄ စီးနဲ့ ဆိုဝီတိုမှာ ကား ၁၀ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသလို နိုင်ငံခြားသားပိုင်ဆိုင်တွေကိုလည်း ဖောက်ထွင်းလုယက်ခဲ့ကြပါတယ်။
ဒါဘန်မြို့မှာတော့ အခြေအနေတွေ ငြိမ်သက်သွားပြီလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရိုဘတ် နက်ရှီအွန်ဒါက ပြောပါတယ်။ ရဲတပ်ဖွဲ့က အမြန်ဆုံး တုံ့ပြန်နိုင်ခဲ့လို့ ပျက်စီးဆုံးရှုံးမှုတွေ ထပ်မဖြစ်အောင် တားဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီညွှန်ကြားချက်ဟာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အစီအမံတခုအနေနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပေမဲ့ ရက်ပိုင်း အတွင်းမှာပဲ ဒုက္ခသည်လက်ခံရေးရုံးတွေမှာ လူအင်အား ကျပ်တည်းလွန်းအားကြီးတာ၊ တာဝန်ရှိသူတွေ အန္တရာယ်ကြုံတွေ့ရတာနဲ့ ပြည်သူ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာစေခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။
တရားရုံးအမိန့်နဲ့ပတ်သက်ပြီး သတင်းအမှားတွေ ပျံ့နှံ့နေမှုကို အစိုးရက အပြစ်တင်ခဲ့ပြီး၊ ဒီအမိန့်ဟာ စာရွက်စာတမ်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဒုက္ခသည်အဆင့်အတန်း ဒါမှမဟုတ် အမြဲတမ်း နေထိုင်ခွင့်တွေကို အလိုအလျောက် ပေးအပ်လိုက်တာ မဟုတ်ဘူးလို့လည်း ရှင်းလင်း ပြောပါတယ်။
အာဖရိကရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တောင်အာဖရိကဟာ နိုင်ငံခြားသားတွေ အလုပ်လက်မဲ့ဖြစ်စေမှု၊ ရာဇဝတ်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေအပေါ် ဖိအားဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရွှေ့ပြောင်းဆန့်ကျင်ရေး ဆန္ဒပြမှုလှိုင်းကြီးနဲ့ ရင်ဆိုင်နေရပါတယ်။
လူမှုရေးသိပ္ပံပညာရှင်တွေကတော့ ဒီစွပ်စွဲချက်တွေဟာ အထောက်အထား ခိုင်မာမှု မရှိဘူးလို့ ဆိုကြပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အမြန်ဆုံး တုံ့ပြန်နိုင်မှုကြောင့် အခြေအနေတွေ အခုအခါ ငြိမ်သက်သွားပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Source: Reuters











