လာမဲ့သီတင်းပတ်တွေမှာ အီရန်ကို အလွန်ပြင်းထန်စွာ ထိုးနှက်မဲ့အပြင် “ကျောက်ခေတ်” ကို ပြန်ရောက်သွားအောင်ပါ ဗုံးကြဲပစ်မယ်ဆိုပြီး အမေရိကန် သမ္မတ ထရမ့်ပ်က ခြိမ်းခြောက်လိုက် ပါတယ်။
ထရမ့်ပ်က “ကမ္ဘာပေါ်မှာ သာလွန်အင်အားနဲ့ အကြီးကျယ်ဆုံးဖြစ်တဲ့ ကျုပ်တို့စစ်တပ်ဟာ အီရန်မှာ ကျန်နေသေးတာတွေကို ဖျက်ဆီးဖို့ အစတောင် မပျိုးရသေးပါဘူး။ နောက်တဆင့်က တံတားတွေ၊ ပြီးရင်တော့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေပဲ” လို့ သူ့ရဲ့ Truth Social ပေါ်မှာ ထပ်တိုး ခြိမ်းခြောက်ထားပါတယ်။
ဒါ့အပြင် အီရန်အစိုးရခေါင်းဆောင်ပိုင်းအသစ်က ဘာဆက်လုပ်ရမလဲဆိုတာ သိထားပြီးသား ဖြစ်သလို အဲဒါကို အလျင်အမြန် အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့လည်း ရေးသားထားပါတယ်။
အီရန်နိုင်ငံရဲ့ တံတားတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မယ်လို့ လည်း ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါဟာ အီရန်နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ဧပြီ ၂ ရက်က ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။
အမေရိကန်စစ်တပ်က အီရန်မှာ ကျန်တာတွေကို အခုအချိန်အထိ ဖျက်ဆီးမှုတွေ မစရသေးကြောင်း၊ တံတားတွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေက နောက်ထပ်တိုက်ခိုက်မှုမှာ ပါမှာဖြစ်ကြောင်း ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
အီရန်ခေါင်းဆောင်တွေ ဘာလုပ်ရမလဲဆိုတာ သိထားပြီဖြစ်လို့ အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ရမှာပါလို့ ထရမ့်ပ်က ရေးသားထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးရဲ့ နောက်ဆက်တွဲ တိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံမှာရှိတဲ့ ဆေးသုတေသန စင်တာတခု၊ တံတားအသစ်တစင်းနဲ့ သံမဏိစက်ရုံတွေ ထိခိုက်ပျက်စီးသွားပါတယ်။
အဲဒီနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ကာရတ်ချ်မြို့က တံတားတိုက်ခိုက်ခံရတဲ့ ဗီဒီယိုမှတ်တမ်းကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေထားပါတယ်။
လက်ရှိ ဆောက်လက်စတံတားကြီး ပြိုကျပျက်စီးသွားပြီဖြစ်သလို ဘာမှမကျန်တော့တဲ့ အခြေအနေ မရောက်ခင်မှာ အီရန်အနေနဲ့ သဘောတူညီချက် ရယူသင့်တယ်လို့လည်း ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း လူ ၈ ယောက် သေဆုံးခဲ့ရတယ်ဆိုပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
B1 အမည်ရ ဒီတံတားကြီးက အရှေ့အလယ်ပိုင်းဒေသမှာ အမြင့်ဆုံးဖြစ်ပြီးကာ ရတ်ချ်နဲ့ တီဟီရန် မြို့တော်ကို ဒေါ်လာ သန်း ၄၀၀ အကုန်အကျခံကာ ဆက်သွယ်ပေးထားတာပါ။
နောက်ထပ် အီရန်မြို့တမြို့ဖြစ်တဲ့ အစ္စဖာဟန်အနီးမှာလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ဒုံးကျည်စခန်းတခု ပေါက်ကွဲပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အီရန်စစ်တပ်ဘက်က ရန်သူတွေ အရှက်တကွဲနဲ့ အညံ့ခံတဲ့အထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမယ်လို့ တုံ့ပြန်လိုက်ပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဟစ်ဇ်ဘိုလာအဖွဲ့ဝင် ၄၀ ကျော်ကို ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရှင်းလင်းနိုင်ခဲ့ကြောင်း အတည်ပြုပါတယ်။
တချိန်တည်းမှာပဲ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ လက်တုံ့ပြန်မှုအဖြစ် အစ္စရေးမြောက်ပိုင်းနဲ့ လက်ဘနွန်တောင်ပိုင်းမှာ တိုက်ခိုက်မှုအများအပြား ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံတဝန်း အနည်းဆုံး လူ ၂,၀၇၆ ယောက်သေဆုံးခဲ့ရပြီး နောက်ထပ် ၂၆,၅၀၀ လောက်ကို ဒဏ်ရာရစေခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ အီရန်နဲ့စစ်ဖြစ်နေတဲ့ အမေရိကန်၊ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ အီရန်ကလည်း အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်တာ ရပ်တန့်ဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။
အီရန်စစ်ပွဲကြောင့် နေရာတိုင်းမှာ အကျိုးဆက်တွေ သက်ရောက်နေပြီဖြစ်ကြောင်း၊ စစ်ပွဲဟာ ပိုပြီးကျယ်ပြန့်လာပြီး အရှေ့အလယ်ပိုင်းတခုလုံးကို လွှမ်းမိုးနိုင်ပြီး တကမ္ဘာလုံးကို အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ ဂူတာရက်စ်က သတိပေးခဲ့တာပါ။
အရှေ့အလယ်ပိုင်း အကျပ်အတည်းက ဒုတိယလထဲကို ရောက်ရှိနေပြီး မဆင်မခြင် တိုက်ခိုက်မှုတွေ၊ ပျက်စီးမှု ကြီးမားလာတာတွေ၊ အရပ်သားတွေကို တိုက်ခိုက်မှုနဲ့ လူနေအိမ် အဆောက်အအုံတွေ တိုက်ခိုက်မှုတွေ ပိုပြီးများလာတယ်လို့လည်း ဂူတာရက်စ်က ထောက်ပြခဲ့ပါတယ်။
“ကျနော်ပြောချင်တာက ရှင်းပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ စစ်ပွဲကို ရပ်ချိန်ရောက်ပါပြီ။ အီရန်ကလည်း အိမ်နီးချင်းနိုင်ငံတွေကို တိုက်တာ ရပ်ပါ။ လုံခြုံရေးကောင်စီက တိုက်ခိုက်မှုတွေကို ရှုတ်ချပြီး ပင်လယ်ရေကြောင်း လွတ်လွပ်စွာသွားလာခွင့်ကို အလေးထားဖို့ လိုအပ်ပါတယ်။ ပဋိပက္ခတွေက သူ့အလိုလို အဆုံးသတ်မှာ မဟုတ်ပါဘူ။ ခေါင်းဆောင်တွေက ဖျက်ဆီးတာထက် ဆွေးနွေးတာကို ရွေးချယ်မှရမှာပါ။ ဒီလိုရွေးချယ်ဖို့လည်း အခုလုပ်နိုင်ပါပြီ။ ဒါကို အခုပဲလုပ်ပါ။”
ငြိမ်းချမ်းရေးလမ်းကြောင်းကို ရှာဖို့ သံတမန်ရေးကြိုးပမ်းမှုတွေ လုပ်နေကြောင်း၊ ဒီကြိုးပမ်းမှုတွေကို အောင်မြင်အောင် ပံ့ပိုးမှုလိုကြောင်း၊ နိုင်ငံတကာ ဥပဒေတွေ၊ ကုလသမဂ္ဂ ပဋိညာဉ်ပါ အချက်တွေပေါ်မှာ ငြိမ်းချမ်းရေးလမ်းကြောင်းကို အခြေခံထားကြောင်းလည်း ဂူတာရက်စ်က ပြောပါတယ်။
Source: Reuters











