
အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်ပြီး အိုမန်နိုင်ငံနဲ့ နားလည်မှုရထားပြီး ရေလက်ကြားကိုဖွင့်ဖို့ အလျင်စလိုမလုပ်ဘူးလို့ အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီက ဩဂုတ် ၂၉ ရက်မှာ ပြောပါတယ်။
အမေရိကန်က သူ့ရဲ့တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းမှသာ နားလည်မှုက အကောင်အထည် ဖော်တဲ့ အဆင့်ကို ရောက်လာမယ်လို့လည်း ဂါရီဘာဘာဒီက ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားကို လက်ရှိမှာ လုံးဝပိတ်ထားတယ်လို့ သူက ဆက်ပြီး အလေးပေးပြောခဲ့ပါတယ်။
အီရန်ရဲ့ ညှိနှိုင်းမှုနဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သင်္ဘောမှ ရေလက်ကြားကို ဖြတ်သန်းခွင့်မရှိဘူးလို့လည်း သူက အခိုင်အမာပြောပါတယ်။
အီရန်က ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ လှုပ်ရှားမှုအားလုံးကို အပြည့်အဝထိန်းချုပ်ထားပြီး ရေလက်ကြားကတဆင့် သင်္ဘောတွေ ဖြတ်သန်းသွားလာခြင်းနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ပြောဆိုချက်တွေက လုံးဝမမှန်ဘူးလို့ ပြောပါတယ်။
အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်က လပေါင်းများစွာကတည်းက ထောင်ထားခဲ့တယ်ဆိုတဲ့ ဟော်မုဇ်ရေလက်ကြားက ပင်လယ်မိုင်းတွေကို အမေရိကန်တပ်ဖွဲ့တွေက ရှင်းလင်းခဲ့တယ်လို့ ဩဂုတ် ၂၇ ရက်မှာ ဖြန့်ချိတဲ့ ရုပ်သံထဲမှာ အမေရိကန်စစ်တပ်က ပြောပါတယ်။
အဓိကအချက်အနေနဲ့ ဒီနေ့မှာ နိုင်ငံတကာ သင်္ဘောလမ်းကြောင်းတွေ ပွင့်နေပြီး အရှိန်အဟုန် မြင့်တက်လာနေပါတယ်လို့ အမေရိကန်စစ်တပ် အလယ်ပိုင်းကွပ်ကဲမှုဌာန တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါးက လူမှုမီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။
“အခြေအနေတွေက စိန်ခေါ်မှုတွေနဲ့ အန္တရာယ်တွေများပါတယ်။ ကျနော်တို့ အလုပ်ပြီးပါပြီ”လို့ ကူးပါးက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရေလက်ကြားကို ပွင့်နေပြီလို့ အကြိမ်ကြိမ် ပြောခဲ့ပေမဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် သင်္ဘောအများအပြားက ဟော်မုဇ် ရေလက်ကြားကနေတဆင့် ဖြတ်သန်းသွားလာဖို့ မရွေးချယ်ခဲ့ကြဘဲ ပုံမှန်ပမာဏရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက်သာ လည်ပတ်နိုင်မယ်လို့ သင်္ဘောခြေရာခံ ဝန်ဆောင်မှုဌာနတွေက ခန့်မှန်းပါတယ်။











