
အမေရိကန်နဲ့ အီရန်ကြား တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ သဘောတူညီချက်ကို ဇွန် ၁၄ ရက် တနင်္ဂနွေနေ့မှာ လက်မှတ်ထိုးဖို့ စီစဉ်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောလိုက်ပါတယ်။
ဘယ်အချိန်မှာ လက်မှတ်ထိုးမလဲဆိုတဲ့အပေါ် အီရန်ဘက်က သံသယရှိကြောင်း ပြောခဲ့ပြီးနောက်မှာ ထရမ့်ပ်က အခုလို ပြောတာပါ။
သဘောတူညီချက်ရပြီးတာနဲ့ အဓိက ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကို အားလုံးအတွက် ပြန်ဖွင့်ပေးမယ်လို့လည်း ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးသား ခဲ့ပါတယ်။
ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်ကတော့ နောက်ထပ် ၂၄ နာရီ အတွင်းမှာ သဘောတူညီချက် အပြီးသတ်နိုင်ဖို့ရှိပြီး ကိုယ်တိုင်လာစရာမလိုတဲ့ electronic လက်မှတ် ထိုးစနစ်နဲ့ ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဇွန် ၁၃ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် သင့်တော်တဲ့အချိန်မှာ နျူကလီးယားအမှုန်အမွှားတွေကို သွားရောက်ဖျက်ဆီးမယ်လို့ အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယမ်သိုလှောင်မှုတွကို ရည်ညွှန်းပြီး ထရမ့်ပ်က ပြောဆိုထားပြီး အဆင်မပြေရင် နောက်ဆုံးရွေးချယ်စရာ ရှိတယ်လို့လည်း သတိပေးထားပါတယ်။
ဒါပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါအီကတော့ လက်မှတ် ထိုးမယ့် ရက်အတိအကျကို စောင့်ကြည့်ရဦးမှာဖြစ်ပြီး ဇွန် ၁၄ ရက်မှာတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဇွန် ၁၂ ရက်တုန်းကလည်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေးယက်ဒ် အဘတ်စ် အာရတ်ခ်ချီက ဒီသဘောတူညီချက်မှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြား ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ပါဝင်သလို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကိုလည်း ဖယ်ရှားပေးရမယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန်အရာရှိတွေကတော့ အီရန်အနေနဲ့ ကတိကဝတ်တွေ တည်မှသာ စီးပွားရေး အကျိုးအမြတ်တွေ ရမှာဖြစ်ပြီး နျူကလီးယားအစီအစဉ် ဆွေးနွေးပွဲတွေကိုတော့ နောက်မှ စတင်မယ်လို့ ဆိုပါတယ်။
ဒီစစ်ပွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် စတင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ပေမဲ့ ဒီတပတ်မှာ လည်း နှစ်ဖက်ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။
Source:Reuters










