
ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့ ကြိုတင်သတိပေး ရေဒါစနစ်တခုကို ပစ်မှတ်ထား ဖျက်ဆီးပစ်ခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က နိုဝင်ဘာ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒါဟာ စက်တင်ဘာလ အစောပိုင်းနောက်ပိုင်း ပင်လယ်ကွေ့နိုင်ငံတခုအတွင်းက အမေရိကန် စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်ခဲ့ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
အီရန်ရုပ်သံသတင်းဌာန (IRINN) ကနေ ထုတ်ပြန်ခဲ့တဲ့ IRGC ပြည်သူ့ဆက်ဆံရေးဌာနရဲ့ ကြေညာချက်အရ အီရန်နိုင်ငံ ဆီရစ်ခ်မြို့က ဆက်သွယ်ရေး အဆောက်အအုံတခုကို ရန်သူဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ IRGC လေကြောင်းနဲ့ အာကာသတပ်ဖွဲ့ တိုက်ခိုက်ရေးသမားတွေက လွန်ခဲ့တဲ့ နာရီပိုင်းအတွင်း ဘာရိန်းကျွန်းပေါ်က အမေရိကန် ကြိုတင်သတိပေး ရေဒါကို ပစ်မှတ်ထား ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ဒါဟာ ဟော်မုဇ်ရေလက်ကြားထဲမှာ လုပ်ဆောင်နေတဲ့ လေကြောင်းရန်စမှုတွေနဲ့ ရေနံမှောင်ခို ခိုးထုတ်မှုတွေကို ရပ်တန့်ဖို့ အပြင်းအထန် သတိပေးလိုက်တာဖြစ်ပြီး နောက်ထပ် ထပ်မံချိုးဖောက် ကျူးကျော်လာမယ်ဆိုရင် IRGC လေကြောင်းနဲ့ အာကာသတပ်ဖွဲ့အနေနဲ့ အကန့်အသတ်မရှိ ပြန်လည်တုံ့ပြန်ဖို့ အပြည့်အဝ အသင့်ရှိနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်နိုင်ငံကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာကနေ စတင်ခဲ့ပြီး ဒေသတွင်း တခုလုံးကို ပျံ့နှံ့သွားခဲ့တဲ့ အီရန်နဲ့ အမေရိကန်ကြား ပဋိပက္ခတွေ အချိန်မရွေး ပြန်လည်ပြင်းထန်လာနိုင်တဲ့ အခြေအနေနဲ့ ခေတ္တငြိမ်သက်နေချိန်မှာပဲ အခုလို ပြောကြားချက် ထွက်ပေါ်လာတာပါ။
အီရန်ဟာ ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေးအတွက် အရေးပါတဲ့ ဟော်မုဇ် ရေလက်ကြားကနေ သင်္ဘောတွေ ဖြတ်သန်းသွားလာမှုကိုလည်း ကန့်သတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဘက်ကလည်း အီရန်ဆိပ်ကမ်းတွေကို ရေကြောင်းကနေ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ဒါမှမဟုတ် ဘာရိန်းနိုင်ငံတို့ဘက်ကတော့ ချက်ချင်း တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
Source: Reuters











