DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
ပြင်သစ်နှင့် ပါရာဂွေး ပွဲစဉ် တာဝန်ယူခဲ့သည့် ကွင်းလယ်ဒိုင်ကို ပွဲပယ်ပြစ်ဒဏ်ပေးရန် တောင်းဆို
DVB
·
July 6, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဖီဖာကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်အဖြစ် မနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပြင်သစ်အသင်းနဲ့ ပါရာဂွေး ပွဲစဉ်မှာ အလွန်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဒိုင်လူကြီးကို ချက်ချင်းပွဲပယ်ပြစ်ဒဏ်ပေးဖို့ ဒေါသထွက်နေကြတဲ့ ပရိသတ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

၁၃ နှစ်ကြာ ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီးအဖြစ် ဆောင်ရွက်လာခဲ့တဲ့ ဒီဥဇဘက်ကစ္စတန်နိုင်ငံသား ကွင်းလယ်ဒိုင်လူကြီး အီလဂစ် တန်တာရှက်ဗ်ဟာ ပြင်းထန်တဲ့ အချေအတင်ဖြစ်မှုတွေ ရှိခဲ့တဲ့ အဲဒီပွဲစဉ်အတွင်း ပါရာဂွေးကစားသမား တယောက်ကိုမှ သတိပေးတဲ့အနေနဲ့ အဝါကတ် မပြခဲ့တာကြောင့် အပြင်းအထန် ဝေဖန်ခံနေရပြီး ပွဲပယ်ဖို့အထိ ပရိသတ်တွေက လိုလားနေကြတာပါ။

ကမ္ဘာ့ဖလား အားပေးသူတွေဟာ ဒိုင်လူကြီး တန်တာရှက်ဗ်ရဲ့ ကိုင်တွယ်ပုံအပေါ် အတော်လေး ဒေါသထွက်ခဲ့ကြပြီး၊ သူဟာ ဘောလုံးပွဲဥပဒေတွေကို ကျင့်သုံးဖို့ ဒါမှမဟုတ် ကစားသမားတွေရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးဖို့ လုံးဝ စိတ်မဝင်စားဘူးလို့ စွပ်စွဲခဲ့ကြပါတယ်။

ပွဲစဉ်အတွင်း ပြင်သစ်ကစားသမားတွေဟာ ပြင်းထန်တဲ့ ဒဏ်ရာအနာတရ မရရှိခဲ့ပေမဲ့ ပါရာဂွေးအသင်းရဲ့ ကြမ်းတမ်းတဲ့ ကစားကွက်တွေနဲ့ စဉ်ဆက်မပြတ် ဖျက်ထုတ်မှုတွေကြောင့် ပစ်မှတ်ထား ဝင်တိုက်တာကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်။

ပွဲပြီးဆုံးချိန်မှာလည်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ပါရာဂွေးအသင်းရဲ့ စိတ်ပျက်ဒေါသထွက်မှုတွေကြောင့် နှစ်ဖက်အသင်းသားတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး မနှစ်မြို့စရာ မြင်ကွင်းတွေနဲ့ ပွဲပြီးဆုံးခဲ့ရပါတယ်။

ပါရာဂွေးအသင်းဟာ ပွဲစဉ်အတွင်း ပြစ်ဒဏ်ဘော ၁၂ ကြိမ်အထိ ကျူးလွန်ခဲ့ပေမဲ့ ဒိုင်လူကြီး တန်တာရှက်ဗ်ကတော့ ၉၀ မိနစ်အတွင်း အဝါကတ်တကတ်တောင် ထုတ်မပြခဲ့ပါဘူး။ ဒါပေမဲ့ ပြင်သစ်ကစားသမား  ၃ ယောက် ကတော့ ပွဲစဉ်အတွင်း သတိပေးကတ် ပြသခြင်း ခံခဲ့ရပါတယ်။

ကမ္ဘာ့ဖလား ပရိသတ်အများအပြားဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဒိုင်လူကြီး တန်တာရှက်ဗ်ကို ‘အရည်အချင်းမရှိသူ’ လို့ ဝေဖန်ခဲ့ကြပြီး တာဝန်ကနေ ရပ်နားဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပရိသတ်တယောက်က “ဥဇဘက်ဒိုင်လူကြီး အီလဂစ်တန်တာရှက်ဗ်ရဲ့ ထူးခြားဆန်းပြားတဲ့ စွမ်းဆောင်ရည်ပါပဲ။ ဒိုင်လူကြီးလုပ်ဖို့လည်း စိတ်မဝင်စား၊ ကစားပွဲဥပဒေတွေ သုံးဖို့လည်း စိတ်မဝင်စား၊ ကစားသမားတွေရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း စိတ်မဝင်စားဘူး။ ပြင်သစ်အသင်း အပြင်းအထန် ဒဏ်ရာမရခဲ့တာ ကံကောင်းလို့” လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ် ပရိသတ်တယောက်ကလည်း “ဒါဟာ ကျနော် မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံး ဒိုင်လူကြီး ဆုံးဖြတ်ချက်တွေထဲက တခုပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

တခြားသူတွေကလည်း ဖီဖာအနေနဲ့ ဝင်ရောက်အရေးယူဖို့ တောင်းဆိုခဲ့ကြပြီး၊ တန်တာရှက်ဗ်နဲ့ ဗီအေအာရ် (VAR) ဒိုင်တွေကိုပါ လက်ကျန် ကမ္ဘာ့ဖလားပွဲစဉ်တွေကနေ ပွဲပယ်သင့်တယ်လို့ ဆိုကြပါတယ်။

ပွဲစဉ်အတွင်း ပါရာဂွေးကစားသမားတွေဟာ အသက် ၂၇ နှစ်အရွယ် အမ်ဘာပေနဲ့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ကြပြီး ခြေထောက်ကို ကန်တာတွေ ပြုလုပ်ခဲ့သလို ဂိုးသမား ဂေးလ်ကလည်း စိတ်ပျက်ဒေါသထွက်မှုကြောင့် ဘောလုံးနဲ့ အမ်ဘာပေဆီ လှမ်းပေါက်ခဲ့ပါတယ်။

လူချကစားတာခံခဲ့ရတဲ့ အမ်ဘာပေကလည်း ပွဲပြီးချိန်မှာ ပါရာဂွေး ဂိုးသမား အော်လန်ဒို ဂေးလ်ကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဘီဘီစီ ရုပ်သံအစီအစဉ်မှာ ဂျိုးဟတ်ကတော့ အမ်ဘာပေရဲ့ ပြုမူပုံကို ကာကွယ်ပြောဆိုခဲ့ပြီး ပါရာဂွေးအသင်းနဲ့ ဒိုင်လူကြီးကို အခုလို ဝေဖန်ခဲ့ပါတယ်။

“ဒီပွဲမှာ အမ်ဘာပေ ပြုမူသွားပုံကို ကျနော် တကယ် သဘောကျတယ်။ ဘာလို့လဲဆိုတော့ သူတို့က ပထမဆုံး မိနစ်ကတည်းက သူ့ကို ပစ်မှတ်ထား ကစားခဲ့တာ။ ပွဲအပြီးနားနီးမှာ သူက ပါရာဂွေး ကစားသမားတွေကို ရယ်ရုံပဲ ရယ်ပြခဲ့တာ။ သူက တော်တဲ့အတွက် အဲဒီလို မာနရှိခွင့်ရှိပါတယ်။ ဒါပေမဲ့ ဒီည ပါရာဂွေးကစားသမားတွေရဲ့ အပြုအမူကတော့ တကယ့်ကို အရှက်ရဖွယ်ပါပဲ။ သူတို့သာ ကျနော့်အသင်းထဲမှာဆိုရင် ကစားသမားတဝက်လောက်ကို ကွင်းထဲကနေ ဆွဲထုတ်မိမှာ။ ကျနော် ဘယ်တော့မှ ဒီလိုနည်းနဲ့ မနိုင်ချင်ဘူး၊ ဒီလိုမျိုး ဘောလုံးမကစားချင်ဘူး။ ဒိုင်လူကြီးကလည်း ဘယ်အခြေအနေကိုမှ ကူညီထိန်းကျောင်းပေးခြင်း မရှိခဲ့ပါဘူး။ ၉၀ မိနစ်အတွင်း ပါရာဂွေး ကစားသမားတယောက်မှ အဝါကတ်မထိခဲ့တာ တကယ့်ကို အံ့သြစရာပါပဲ။"

ပြင်သစ်ဂန္ထဝင် ကစားသမား တီယာရီ အွန်နရီကလည်း ပြင်သစ်အသင်း နောက်တဆင့် တက်လှမ်းနိုင်ခဲ့ပြီးနောက်မှာ “ဒါဟာ ဘောလုံးလောကအတွက် အောင်ပွဲတခုပါပဲ၊ ဘောလုံးကစားနည်းကပဲ အနိုင်ရရှိသွားခဲ့တာပါ” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Source: The Daily Express / The Mirror

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013