ဆူဒန်နဲ့ တောင်ဆူဒန် ၂ နိုင်ငံနယ်စပ်က ပိုင်နက်အငြင်းပွား အဘီယေးဒေသက ဈေးတခုကို ဆူဒန်နိုင်ငံကနေ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့အပြီး လူ ၁၅၀ ကျော် သေဆုံးခဲ့တယ်လို့ တောင်ဆူဒန် အရာရှိတွေက ပြောပါတယ်။
စျေးထဲမှာ မီးလောင်ထားတဲ့ ယာဉ်တွေ၊ ပျက်စီးနေတဲ့ အဆောက်အအုံတွေနဲ့ ဆက်လောင်နေဆဲ မီးတောက်တွေကို အောက်တိုဘာ ၂၀ ရက်မှာ တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဆူဒန်စစ်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အန္တရာယ်ကြီးမားပုံကို ဖော်ပြနေတာပါ။
၂၀၂၃ ခုနှစ် ဧပြီလမှာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် အဖွဲ့ခွဲတဖွဲ့ဖြစ်တဲ့ အမြန်ထောက်ပံ့ရေးတပ် (RSF) တို့အကြား စစ်ပွဲစဖြစ်ခဲ့ပြီး ကြီးမားတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ခဲ့သလို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံခြား အင်အားစုတွေပါ ပါဝင်ပတ်သက်လာခဲ့ပါတယ်။
အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်းလောက်က အဘီယေးမြို့က ဈေးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူဦးရေက ၇၃ ယောက်ကနေ ၁၅၃ ယောက်အထိ မြင့်တက်လာတယ်လို့ အဘီယေး ဒေသဆိုင်ရာ ယာယီတာဝန်ခံ ပြန်ကြားရေးဝန်ကြီး ယိုဟာနာ အန်ဂေါက အင်္ဂါနေ့မှာ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွက် ဆူဒန်စစ်တပ်မှာ တာဝန်ရှိတယ်လို့ သူကပြောပေမဲ့ သက်သေ အထောက်အထား တစုံတရာမပြသခဲ့ပါဘူး။
ဆူဒန်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်း မတုံ့ပြန် မဖြေကြားခဲ့ပါဘူး။
တိုက်ခိုက်မှုက ဈေးထဲက လောင်စာဆီ သိုလှောင်ရုံတခုကို ထိမှန်ခဲ့တယ်လို့ သံတမန်ရေးရာ သတင်းရင်းမြစ် ၃ ခု၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတယောက်နဲ့ ပဋိပက္ခဆိုင်ရာ ကျွမ်းကျင်သူတယောက်တို့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အရင်က RSF အဖွဲ့က သူတို့တပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဖြူးရာမှာ ဒီသိုလှောင်ရုံကို သုံးခဲ့ဖူးတယ်လို့ သံတမန်ရေးရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ပြောပါတယ်။











