
မကွေးတိုင်း၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ရဲ့ လုံခြုံရေးဂိတ်အနီးကို နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီမှာ စစ်အာဏာရှင်တပ်က ဒရုန်း ၃ စင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအပြင် ဂိတ်အနီးမှာရှိတဲ့ စစ်ရေးနဲ့ သက်ဆိုင်မှုမရှိတဲ့ ပြည်သူပိုင်ဈေးဆိုင်တဆိုင်ကိုလည်း အသေခံဒရုန်း ၂ စင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်တဆိုင်လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရွာကနေ တောထဲကို အပြန်မှာ စစ်ရှောင်တွေ။ အသေခံ ဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်တာ။ သေဆုံးသူတွေ ထွန်ကျေးရွာက သားအဖ ၂ ဦးပါ။ အဖေက ၄၅ နှစ်၊ သားက ၁၈ နှစ်ဗျ။ အဲဒီတိုက်ခိုက်မှုဖြစ်ပြီး ၅ မိနစ်လောက်ပဲ ခြားမယ်ဗျ၊ ထပ်တိုက်ခိုက်တာ” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုနဲ့ ပိုင်ဆိုင်မှုဆုံးရှုံးမှုတွေ ရှိခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ ဒရုန်းအန္တရာယ် သတိပေးချက်တွေကို အမြဲစောင့်ကြည့်ဖို့နဲ့ လူစုလူဝေးနေရာတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာအနီးတွေမှာ သွားလာနေထိုင်တဲ့အခါ အထူးသတိထားကြဖို့လည်း တိုက်တွန်းထားပါတယ်။











