လိုင်ဘေးရီးယားအလံတင် ကွန်တိန်နာသင်္ဘော ကွန့်ရှစ်ပ်စ် ဂျက်ထ်ဟာ အောက်တိုဘာ ၂၈ ရက်က ဘူလ်ဂေးရီးယားနိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) ကို ဖြတ်သန်းသွားလာနေချိန်မှာပဲ ရေပေါ်ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရလို့ အပြင်းအထန် ပျက်စီးသွားပြီး နောက်ဆုံးမှာ နစ်မြုပ်သွား ပါတယ်။
ပြင်သစ်စစ်တပ်က ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံနဲ့ ရုပ်သံမှာတော့ ဒရုန်းက သင်္ဘောဆီကို ချဉ်းကပ်လာတာကို တွေ့ရပေမဲ့ ဒီတိုက်ခိုက်မှုကို ဘယ်သူတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ချက်ချင်း မသိရသေးပါဘူး။
ဒီဖြစ်ရပ်ကြောင့် ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရုရှားစစ်ပွဲက အဲဒီဒေသတွင်း ကူးသန်းရောင်းဝယ်ရေး သင်္ဘောတွေအပေါ် သက်ရောက်လာနိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ပိုတိုးလာစေခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံသား ၁၄ ယောက်နဲ့ ယူကရိန်းနိုင်ငံသား ၄ ယောက်ပါဝင်တဲ့ သင်္ဘောသားတွေအားလုံးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပြီး ဘူလ်ဂေးရီးယားနိုင်ငံ၊ ဗာနာ ဆိပ်ကမ်းကို လုံခြုံစွာ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ကွန့်ရှစ်ပ်စ် မန်းနေ့ချ်မန့် ကုမ္ပဏီက ပြောပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ ဒီတလအတွင်း ဘူလ်ဂေးရီးယားကမ်းလွန်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ သင်္ဘော အနည်းဆုံး ၆ စင်းရှိပြီဖြစ်ပြီး ရေကြောင်းဝန်ထမ်း ၂၄ ယောက်လောက် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
ဥရောပသမဂ္ဂ (EU) နဲ့ နေတိုး (NATO) အဖွဲ့ဝင်တနိုင်ငံဖြစ်တဲ့ ဘူလ်ဂေးရီးယားဟာ သူတို့ရဲ့ ပင်လယ်နက် ကမ်းရိုးတန်း ဒေသလုံခြုံရေးကို ပိုမိုအားကောင်းလာစေဖို့ အကူအညီတွေ တောင်းခံထားပါတယ်။
Source: Reuters











